လန်ဒန်လေဆိပ်မှာ လေယာဉ်ပျက်ကျမှုကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်း

အင်္ဂလန်နိုင်ငံက လန်ဒန်တောင်ပိုင်း လေဆိပ်မှာ မနေ့ ဇူလိုင် ၁၃ ရက် တနင်္ဂနွေနေ့ ညနေပိုင်းက လေယာဉ်ငယ်တစ်စင်း ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့လို့ လေကြောင်းခရီးစဉ်အားလုံးကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်တယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အက်ဆက်ရဲတပ်ဖွဲ့ရဲ့အဆိုအရ အဲဒီလေယာဉ်ဟာ နယ်သာလန်နိုင်ငံ၊ လေးလီစတက်မြို့ကို သွားမယ့် ၁၂ မီတာရှည်တဲ့ Beechcraft B200 အမျိုးအစား လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ ညနေ ၄ နာရီမတိုင်မီလောက်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပြီး အဲဒီနေရာမှာ မီးလုံးကြီးတွေနဲ့ မီးခိုးမည်းတွေ ထွက်ပေါ်နေခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် လေဆိပ်ရဲ့ အဝင်အထွက် လေကြောင်းခရီးစဉ်တွေအားလုံးကို ဖျက်သိမ်းလိုက်ပြီး ခရီးသည်တွေကို သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ ဆက်သွယ်ဖို့ အကြံပြုထားပါတယ်။
လုံခြုံရေးအရ လေဆိပ်အနီးက ကလပ်နှစ်ခုအပါအဝင် အဆောက်အအုံတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့နဲ့ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
လေဆိပ်တာဝန်ရှိသူတွေက ဘေးကင်းစိတ်ချရတဲ့အချိန်မှာ လေယာဉ်ခရီးစဉ်တွေ ပြန်လည်စတင်မှာဖြစ်ပြီး နောက်ထပ်အခြေအနေတွေကို ဆက်လက် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
Source – Newsweek
ဓာတ်ပုံ – Newsweek