လစာတိုးပေးရန် တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရသည့် မြန်မာပေါင်ချိန်စက်ရုံ အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်ကိစ္စ ယနေ့ချိန်ထိ ပြေလည်မှုမရသေး

Author ခေတ်နီ
Categories
Published on Dec 16, 2022

 

လုပ်ခလစာတိုးပေးရန် တောင်းဆိုဆန္ဒပြခြင်းကြောင့် အလုပ်ထုတ်ခံရသည့် Adidas ဖိနပ်များကိုချုပ်လုပ်သည့် မြန်မာပေါင်ချိန်စက်ရုံရှိ အလုပ်သမားများကို အလုပ်ပြန်ခန့်ပေးရန်ညှိနှိုင်းမှုသည် ၂ လနီးပါးကြာ ကြာမြင့်နေပြီး ယနေ့အချိန်ထိ ပြေလည်မှုမရရှိသေးကြောင်း အဆိုပါစက်ရုံရှိ လုပ်သားသမဂ္ဂ အဖွဲ့ဝင်များထံမှ သိရသည်။

ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်များအား ချုပ်လုပ်သည့် မြန်မာပေါင်ချိန်စက်ရုံရှိ အလုပ်သမား ၂၀၀၀ ကျော်သည်ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ၎င်းတို့ရရှိသည့် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို ကျပ် ၈၀၀၀အထိ တိုးပေးရန် စက်ရုံတွင်း တောင်းဆိုခဲ့ကြတာ ဖြစ်သည်။

ထိုသို့ တောင်းဆို ဆန္ဒပြမှုကြောင့် အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂ ဦးဆောင်သူများ အပါအဝင် ၂၆ဦးကို စက်ရုံဘက်ကနေ အလုပ်ထုတ်ခဲ့တာပဲဖြစ်ပြီး အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှ လုပ်ငန်းခွင်သို့ ပြန်ဝင်နိုင်ရန် တောင်းဆိုခဲ့မှုအပေါ် စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးတာ၀န်ရှိသူများမှ အလုပ်ရှင် အလုပ်သမားများ အကြား တွေ့ဆုံက ညှိနှိုင်းခဲ့ပေးခဲ့သော်လည်း အလုပ်ရှင်ဖက်မှ ငြင်းဆန်တာကြောင့် အဆင်ပြေခြင်း မရှိသေးကြောင်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

ထို့အပြင် ယခုလို အလုပ်သမားများဖက်မှ ညှိနှိုင်းမှုများ လုပ်ဆောင်နေပေမယ့် အလုပ်ရှင်ဖက်ကတော့ အလုပ်သမားများအား သုံးလစာ လျော်ကြေးဖြင့် အလုပ်ထုတ်ရန်သာ ဆန္ဒရှိနေကြောင်းလဲသိရသည်။

ယခုလို ညှိနှိုင်းမှုများ ပြေလည်မှုမရှိခဲ့တာကြောင့် အလုပ်သမားများဖက်မှ ဆန္ဒရှိပါက အရပ်ဖက်တရားရုံးများတွင် တရားစွဲဆိုနိုင်ကြောင်း အလုပ်သမားရေးရာဌာနများမှပြောဆိုခဲ့ပေမယ့် အလုပ်သမားများမှ တရားစွဲဆိုရေးထက် ညှိနှိုင်းမှုများလုပ်ဆောင်ဖို့သာလိုလားနေကြသည်။

“ကျမတို့ကို အလည က သွားတော့ ခုံသမာဓိအထိတက်မရဘူး နောက်ဆုံးအချိန်းမှာကြတော့ ညှိမရတော့ နစ်နာသူဖက်က တရားစွဲရင်စွဲလို့ရတယ်ဆိုပြီး ဦးစီးတွေက ပြောတယ် ကျမတို့က ညှိနှိုင်းမှုကိုပဲဆက်လုပ်မယ် တရားရင်ဆိုင်ရင် ငွေများတရားနိုင်ဖြစ်မှာစိုးတယ်လေ ကျမတို့က လုပ်ငန်းခွင်ထဲပြန်ဝင်ချင်တယ် လခတိုးပေးဖို့မဖြစ်နိုင်ရင်တောင် ရက်မှန်ကြေးတို့ နှစ်ကြေးတို့ တိုးပေးဖို့ပြောပေမယ့် သူတို့ဖက်က ဘာမှတိုးမပေးနိုင်ဘူးပြောတယ်”ဟုပေါင်ချိန်စက်ရုံ အလုပ်သမားသမဂ္ဂမှ မဖြိုးသီတာမှပြောသည်။

ယခုလို အလုပ်ထုတ်ခံရတဲ့ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာပေါက်ချိန်စက်ရုံမှ ချုပ်လုပ်ပေး ရသည့် Adidas အမှတ်တံဆိပ်ဘက်ကလည်း အလုပ်သမားများအား အလုပ်ပြန်ခန့်ရန်နှင့် စုံစမ်းစစ်ဆေးရေးလုပ်နေစဥ် ကာလအတွင်း အလုပ်သမားများကို လုပ်ခလစာပေးထားရန် စက်ရုံဘက်ကို တောင်းဆိုထားမှုလဲရှိခဲ့ပေမယ့် အလုပ်ရှင်ဖက်က လိုက်လျောခြင်းတော့ မရှိခဲ့ပါဘူး။

ထို့အပြင် အလုပ်သမားများအနေဖြင့် ညှိနှိုင်းနေစဥ်ကာလအတွင်းမှာလည်း ငွေကြေးဆိုင်ရာ အခက်အခဲများရှိနေပြီး အခြားစက်ရုံများတွင် နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရာတွင်လည်း မြန်မာပေါင်ချိန်စက်ရုံက ဖြစ်တာကြောင့် အလုပ်မခန့်ထားမှုများလည်း ရှိခဲ့သည်။

“ဒီကာလတွေအတွင်း ရုံးချိန်းတွေမှာဆို သွားဖို့ ငွေကြေး အခက်အခဲတွေရှိတယ် သူတို့ဖက်ကဆိုရင် ရှေ့နေတွေပါခေါ်လာလို့ ဦးစီးတွေက ဟန့်တားရတာတွေပါရှိတယ်”ဟု မဖြိုးသီတာမှ ဆက်ပြောပြသည်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ငွေကြေးမတည်ငြိမ်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုများဟာ အထည်ချုပ်လုပ်ငန်း အပါအဝင် အခြားလုပ်ငန်းများကိုပါ သက်ရောက်မှုများ ဖြစ်ပေါ်နေပြီး အထည်ချုပ်လုပ်ငန်းများတွင် စက်ရုံယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အားလျှော့ချခြင်းများအပါအဝင်
အလုပ်လုပ်ချိန်ကြာမြင့်မှုစွာခိုင်းစေမှု ၊ လုပ်ခလစာနည်းပါးမှု၊ နှင့် အချိန်ပိုကြေးမပေးဘဲ အလုပ်စေခိုင်းမှုများအပြင် လုပ်ငန်းခွင်အတွင်း နှောက်ယှက်မှုများ ရှိနေလျက်ရှိသည်။

ယခုမျိုးအလုပ်သမားများအနေဖြင့် လုပ်သားအခွင့်အရေးနှင့် လူအခွင့်ရေးများချိုးဖောက်ခံနေရသော်လည်း ၎င်းတို့ဖက်မှနေ၍ ကူညီဆောင်ရွက်ပေးသည့် အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားခေါင်းဆောင်များမှာ စစ်ကောင်စီ၏ မတရားအသင်းကြေညာမှုနှင့် လိုက်လံဖမ်းဆီးမှုများကြောင့် တိမ်းရှောင်နေရတာ ကြောင့် အလုပ်သမားများမှာ ကူရာကယ်ရာမဲ့သည့် အခြေအနေသို့ ရောက်ရှိနေတာပဲ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမား ၁ဒသမ၁သန်းခန့်သည် အလုပ်အကိုင်ဆုံးရူံးခဲ့ပြီး အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံလုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွားလို့လျက်ရှိနေပြီး အလုပ်သမားရေးဖြေရှင်းရန် အစိုးရမှဖွဲ့စည်းထားသည့် ဌာနများမှာ လုပ်ငန်းရှင်များအပေါ်ဥပဒေအရ အရေးယူမှု အားနည်းမှုများကြောင့် အလုပ်သမားများ၏ လုပ်သားအခွင့်အရေးချိုးဖောက်ခံနေမှုများသည် ပိုမိုဆိုးရွားလျက်ရှိနေတာပဲဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မြန်မာပေါင်ချိန် #အလုပ်သမား #လုပ်သားအခွင့်အရေး