လက်လုပ် ခါးကျိုးသေနတ်အများစုဖြင့် စစ်ကောင်စီတပ်အား ပူးပေါင်းတပ်ဖွဲ့မှ အလစ်ဝင်တိုက် စစ်ကောင်စီတပ် ၂၀ကျော်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံး

Author ခေတ်နီ
Categories
Published on Jan 17, 2023

 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ကျေးရွာများအား ရွာစဥ်လှည့် မီးရှို့နေသည့် စစ်ကောင်စီတပ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်)ထံမှ သိရသည်။

ကနီမြို့နယ်အတွင်းရှိ ကျေးရွာများအား လှည့်လည်မီးရှို့ပြီးပြန်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်အား ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်၊နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် DRPAအဖွဲ့ပါဝင်သည့် ဒေသကာကွယ်ရေးတပ်များမှ ဆားလင်းကြီးမြို့နယ် ဆားတုန်းရွာထိပ်အရောက်တွင် အလစ်အငိုက် စောင့်ကြိုတို က်ခိုက်ကြခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးခန့် သေဆုံးခဲ့တာကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ပစ်ကူပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က သတင်းကြိုရလို့ စောင့်တိုက်တာပဲ အဲ့အဖွဲ့က အင်အား ၁၀၀ လောက်ရှိတဲ့အဖွဲ့၊ ကနီထဲမှာလည် အတိုက်ခံလာရတော့ ၅၀ လောက် ပဲပါလာတာ မျက်မြင်တင် ၂၀ လောက်ကျတယ် တိုက်ပွဲက ၁၁ နာရီလောက်ကဖြစ်တာ ၄၅လောက်မှာ သူတို့က Mi 35နဲ့ပစ်တာ အစက ကျနော်တို့က အပြီးချေမှုန်းပြီး လက်နက်သိမ်းမယ်ပေါ့ လေကြောင်းကလာတော့ ပြန်ဆုတ်လာခဲ့ရတယ် နောက်ပြီးတော့ သူတို့ဆုတ်သွားတဲ့လမ်းမှာ အရေးပေါ်ဆေးကုခဲ့တာတွေရှိတယ် သွေးကွက်တွေနဲ့ ဆေးထိုးအပ်တွေတွေ့တယ်”ဟု DRPA ပြန်ကြားရေးတာဝန်ခံ ကိုဇင်ကြီးမှ CJ Platform သို့ပြောသည်။

ထိုသို့ စစ်ကောင်စီမှ ရဟတ်ယာဥ်၏ ပစ်ခတ်ပေးမှုကြောင့် မဟာမိတ်တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး အရပ်သားတစ်ဦးလည်း စက်လက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် ပူးပေါင်းတပ်မှ လက်နက်အင်အား မပြည့်စုံမှုကြောင့် လက်လုပ်ခါးချိုးသေနတ် အများစုကိုသာ အသုံးပြုခဲ့ရပြီး လက်လုပ်သေနတ်အချို့မှာ အသုံးပြုရသည်မှာ ကြာမြင့်လာပြီဖြစ်သဖြင့် ကျည်အကာ အနီးကပ်တိုက်ပွဲတွင် အခက်အခဲများစွာကို ကြုံတွေ့ရခဲ့ကြောင်းလည်း CJ Platformမှ လက်ခံရရှိထားသည့် တိုက်ပွဲမှတ်တမ်းရုပ်သံတွင် တွေ့ရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို DRPA နှင့်အတူ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊Black Shadow(DRPA-တပ်ခွဲ ၄ )၊Black Vote Fighter-LPDF၊Salingyi Generation- Z PDF ၊Daung New Generation PDF နှင့် ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- ပေးပို့
(တိုက်ပွဲရုပ်သံမှတ်တမ်းအား CJ Platform ၏ Telegram Channel တွင် ဖော်ပြထားပါသည်)
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဆားလင်းကြီး #DRPA #လက်လုပ်သေနတ်