လက်ယက်ကုန်းကျေးရွာ ကျောင်းသား ၁၁ဦးသေဆုံးခြင်းနှင့် အယောက်၂၀ဖမ်းဆီးခံရမှု စစ်ရာဇဝတ်ဖြစ်ကြောင်း ဗကသထုတ်ပြန်

Author လင်းခိုင်
Categories
Published on Sep 19, 2022

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် စက်တင်ဘာ ၁၆ရက်တွင် စစ်ကောင်စီက လေကြောင်း ကြည်းကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသား ၁၁ဦးခန့်သေဆုံးပြီး ကျောင်းသားကျောင်းသူနှင့် ဆရာ ဆရာမ ၂၀ဦးခန့်ဖမ်းဆီးခံရမှုသည် စစ်ရာဇဝတ်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ယနေ့ထုတ်ပြန်ထားသည်။

ယခုလုပ်ရပ်သည် ကျောင်းသားအခွင့်အရေးနှင့် လူထုအခွင့်အရေးကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကာ စစ်ရာဇဝတ်မှုကျူးလွန်းခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် ကျောင်းသားထုအပေါ် ကျူးလွန်နေဆဲ ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်ရှိနေသမျှ ကျောင်းသားထုနှင့် ပြည်သူလူထု၏အခွင့်အရေးများ ဆိတ်သုဥ်းနေမည်ဖြစ်သောကြောင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်ကြောင်း ဗကသကထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံပြည်သူတရပ်လုံး ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် ဗကသကနိုးဆော်ထားသည်။

ဗကသအနေဖြင့်လည်း အဖိနှိပ်ခံပြည်သူများနှင့်လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ခေတ်အဆက်ဆက်ဒီမိုကရေစီတိုက်ပွဲတွင်ကျဆုံးသည့် ပြည်သူလူထုကိုတိုင်တည်ကတိပြု ကြောင်းထုတ်ပြန်ထားသည်။