လက်ယက်ကုန်းကျေးရွာအတွက် မပန်ဆယ်လို ကူညီထားသည့် ပြန်လည်ထူထောင်ရေးရန်ပုံငွေ လက်ရှိအချိန်ထိ မြေပြင်သို့ မရောက်သေး

Author လင်းခိုင်
Categories
Published on Dec 15, 2022

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်တပ်မှ လေယာဉ်ဖြင့်ပစ်ခတ်ပြီး၊ ရွာကိုမီးရှို့ခဲ့ခြင်းအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေအဖြစ် မပန်ဆယ်လိုနှင့် မိတ်ဆွေများက ကူညီထားသည့် ပြန်လည်ထူထောင်ရေးရန်ပုံငွေ အမေရိကန် ဒေါ်လာ ၉၂၀၀ သည် လက်ရှိအချိန်ထိ မြေပြင်သို့ မရောက်ရှိသေးကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

“ မပန်ဆယ်လိုက ငွေလှူပြီးပြီး၊ ၀န်ကြီးဌာနလက်ကို ရောက်ပြီ၊ ၀န်ကြီးဌာနဘက်က ပြန်လည်လွှဲပြောင်းပေးဖို့ကြန့်ကြာနေတာ” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ ကူညီရေးအဖွဲ့တာ၀န်ခံက CJ Platform သို့ပြောသည်။

ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့အနေဖြင့် လက်ယက်ကုန်းကျေးရွာနှင့်ပတ်သက်ပြီး ပြည်သူများထံမှ ကောက်ခံရထားသည့် ငွေကြေးများကို ယင်းရွာသို့ လေးကြိမ်အထိ ကူညီထောက်ပံ့ပေးထားကြောင်းလည်း သိရသည်။

“လက်ယက်ကုန်းရွာအတွက်ကို ၀န်ကြီးဌာနဘက်ကနေပြီးတော့ ၄၂ဒသမ၈သိန်း ပေးအပ်ကူညီခဲ့တာရှိပါတယ်။ အခုမပန်ဆယ်လို လှူထားတာလဲ လက်ယက်ကုန်းအတွက် မရောက်လာသေးတာကြောင့် ပြောပြရခြင်းဖြစ်ပါတယ်။ ငွေရောက်မလာတဲ့အပေါ် ပွင့်လင်းစွာ မေတ္တာရပ်ခံတဲ့သဘောပါ” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ ကူညီရေးအဖွဲ့တာ၀န်ခံက ပြောသည်။

လက်ယက်ကုန်းကျေးရွာသည် ယခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီက ဝေဟင်မှ တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှင့် ပြည်သူများ သေဆုံးခဲ့ရပြီး၊ နေအိမ် ၁၈၆ လုံး မီးလောင် ဆုံးရှုံးခဲ့ရသည့်အတွက် မပန်ဆယ်လိုနှင့် မိတ်ဆွေများက စက်တင်ဘာ ၃ ရက်တွင် လက်ယက်ကုန်းကျေးရွာ ပညာရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ၉၂၀၀ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဒီပဲယင်းမြို့နယ်တွင် လက်ယက်ကုန်းကျေးရွာအပါအ၀င် မြို့နယ်အတွင်း၌ အိမ်ခြေ ၃၀၀၀ ကျော်သည် စစ်တပ်မီးရှို့မှုကြောင့် ပျက်စီးခဲ့ရသော်လည်း NUG အနေဖြင့် ဒေသခံတပ်ရင်းများကို လက်နက် တပ်ဆင်ရေးကိစ္စသည်လည်း ရေရာသေချာသည့် အဖြေပင်မရှိသေးကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များ ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ်ရှိ တော်လှန်ရေးသမားအားလုံးသည် NUG သာ ပြည်သူ့အစိုးရအဖြစ် ခံယူထားပြီး တပ်ရင်း၊ တပ်ဖွဲ့များကို မထောက်ပံ့ပေးနိုင်ပါက အိမ်ခြေပေါင်းများစွာ ထပ်မံပြာကျနေအုန်းမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပန်ဆယ်လို #လက်ယက်ကုန်း #အလှူငွေ