လက်နိုင်ကိုင်တော်လှန်ရေးကို စစ်ခေါင်းဆောင်များက တွန်းပို့ခဲ့ခြင်းဖြစ်ပြီး စပြီးသား ဇာတ်ကို ဆုံးအောင်ကရမည်ဟု ယာယီသမ္မတ ပြောကြား

Author လင်းခိုင်
Categories
Published on Jan 24, 2023

 

လက်နက်ကိုင်တော်လှန်ရေးကို စစ်ခေါင်းဆောင်များက တွန်းပို့ခဲ့ခြင်းဖြစ်ပြီး စပြီးသား ဇာတ်ကို ဆုံးအောင် ကရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတက ဒူဝါလရှီးလက ယနေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ ပြည်တွင်း စစ်သည် အင်မတန်ကြာညောင်းနေပြီး၊ လက်ရှိ ပြည်တွင်းစစ်သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း အကြီးကျယ်ဆုံးနှင့် အကျယ်ပြန့်ဆုံးဖြစ်လာသည့် ပြည်တွင်းစစ်ဟုပင် ပြောလို့ရကြောင်း၊ ယခင်က လက်နက်ကိုင် ခုခံတော်လှန်မှုကို ငြင်းချက်ထုတ်သည့် နိုင်ငံရေးခေါင်းဆောင်များ အများအပြားရှိခဲ့ သည်ဟု ယာယီသမ္မတက ပြောကြားသည်။

“တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေးပြသနာကို စားပွဲဝိုင်းမှာ ဖြေရှင်းချင်ကြတဲ့သူချည်းပါပဲ၊ ဒါပေမယ့် လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်များက တွန်းပို့ခဲပါတယ်။ ဒီတော့ စပြီးတဲ့ ဇာတ်ကို ဆုံးအောင်က ကြရမယ်လို့ ပြတ်ပြတ်သားသားပြောချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့ပြင် နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေးကိစ္စသည် အင်မတန်နက်နဲသလို အင်မတန်လည်း ရှုပ်ထွေးကြောင်း၊ တိုင်းပြည်ထူထောင်ရေးကိစ္စသည် အနုပညာ တစ်ရပ်ကို နှလုံးသားနှင့်ရင်းပြီး လုပ်ကိုင်ရသည့် ကိစ္စလည်းဖြစ်ကာ၊ နောင်လာမည့် မျိုးဆက်များအတွက် နှလုံးသားကြီးကြီး ရှိထားရမည်ဟု ယင်းကဆိုသည်။

“ပဋိပက္ခဟာ ယာယီသဘောဖြစ်ပါတယ်။ ပဋိပက္ခအလွန်ကာလတွေမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လိုပုံစံမျိုး မြင်ချင်သလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားကြရပါလိမ့်မယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ယင်းအပြင် ခုခံတော်လှန်စစ်ကို ယခုထက် အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဆုံးသတ်တိုက်ပွဲအတွက်လည်း လိုအပ်သည်များကို စနစ်တကျပြင်ဆင်ထားရန်နှင့် ပြည်သူများ အရှုံးခံလို့မရကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

“အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေးသက်လုံတွေကို မြှင့်ထားကြရမယ်။ ခုခံတော်လှန်စစ်မှ အဆုံးသတ်တိုက်ပွဲဆီကို ဦးတည်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မျှော်လင့်နိုင်လိမ့်မယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့ အားလုံးကြိုတင်ပြင်ဆင်ထားကြပါ” ဟု ယာယီသမ္မက တိုက်တွန်း ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ