လက်နက်ပွဲစားနှင့် စစ်ကောင်စီတပ်၏ ငွေအရင်းအမြစ်များကို ဒဏ်ခတ်အရေးယူမှုအသစ်ပြုလုပ်ရန် EUအား ဥရောပကရင်ကွန်ယက်တောင်းဆို

Author လင်းခိုင်
Categories
Published on Sep 26, 2022

လက်နက်ပွဲစားနှင့် စစ်တပ်၏ ငွေအရင်းအမြစ်များကို ဒဏ်ခတ်အရေးယူမှုအသစ်ပြုလုပ်ရန် ဥပေါပသမဂ္ဂ (EU) အား ဥရောပကရင်ကွန်ယက်က စက်တင် ဘာ ၂၆ရက်တွင်တောင်းဆိုလိုက်သည်။

“လက်နက်ပွဲစားတွေနဲ့ မြန်မာစစ်တပ်အတွက် ဝင်ငွေရင်းမြစ်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုအသစ်တွေ အမြန်ဆုံးချမှတ်ဖို့ ဥရောပသမဂ္ဂကို ကျနော်တို့ တောင်းဆိုထားပါတယ်။ အဲဒီနောက်မှာတော့ ဥရောပသမဂ္ဂအနေနဲ့ လေကြောင်းအပါအဝင် မြန်မာစစ်တပ်အတွက် ၀င်ငွေနဲ့ စက်ကိရိယာတွေကို ဖော်ထုတ်ပြီး ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လောင်စာဆီနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက အခု စစ်တပ်ကို ထောက်ပံ့နေပါတယ်” ဟု ဥရောပ ကရင်ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နန်းကြည်အေးက ပြောကြားသည်။

မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂအနေဖြင့် တုန့်ပြန်မှုများသည် နှေးကွေနေသဖြင့် ဥရောပရှိ ကရင်အသိုက်အဝန်းမှ စိတ်ပျက်နေကြောင်း ယူကေ၊ အမေရိကန်နှင့် ကနေဒါ နိုင်ငံများသည် ပိတ်ဆို့အရေးယူမှုအသစ်များ ပုံမှန်ပြုလုပ်နေသော်လည်း အီးယူအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီမှ စတင်ကာ အရေးယူမှုအသစ်များ လုပ်ဆောင်ခြင်းမရှိတော့ကြောင်း ဥရောပကရင်ကွန်ယက်က ဆိုသည်။

စစ်တပ်အနေဖြင့် လေယာဥ်များ တာဝေးပစ်အမြှောက်များ အသုံးပြုမှုကြောင့် ကရင်ပြည်နယ်ရှိ လူပေါင်း ၃၇၀၀၀၀ ကျော်သည် နေအိမ်များကိုစွန့်ခွာကာ တောထဲ၌ ပေါင်းအောင်းနေထိုင်နေရပြီး တစ်နိုင်ငံလုံးရှိ လူတစ်သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်နေသော်လည်း ဥရောပသမဂ္ဂသည် အရေးယူရန်ပျက်ကွက်နေသည်ဟု ကရင်ကွန်ယက်က ဥရောပသမဂ္ဂသို့ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် စစ်တပ်၏ ဝင်ငွေအရင်းအမြစ်နှင့် စစ်လက်နက်ပစ္စည်းများကို ရပ်တန့်ရန်မူဝါဒရှိသော်လည်း ၎င်းမူဝါဒကို အရှိန်အဟုန်ဖြင့်အကောင်အ ထည် မဖော်ကြောင်း ဥရောပကရင်ကွန်ယက်က ပြောကြားထားသည်။
Photo- AP

 

Related News

Depend on news