လက်နက်ချ အညံ့ခံရန်ပြောသော်လည်း မချသည့် ဒုံးညိုစခန်းကို (၂၇)နာရီအတွင်း AA တိုက်ခိုက်သိမ်းပိုက်

Author လင်းနွေဦး
Categories
Published on Nov 17, 2023

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင််စီ လက်အောက်ခံ ဒုံးညိုနယ်​ခြားစောင့် တပ်စခန်းကို ယနေ့နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

 

အဆိုပါ ဒုံးညိုစခန်းကို မတိုက်ခိုက်မီ ရက္ခိုင့်တပ်တော် (AA)ဘက်မှ လက်နက်ချ အညံ့ခံ​ရန် ပြောကြားခဲ့သော်လည်း မလိုက်နာသည့်အတွက် နိုဝင်ဘာ (၁၆)ရက်နေ့ ၊ နံနက် (၁၀)နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထိုတိုက်ပွဲ စတင်ပြီး မကြာခင်အချိန်အတွင်း မိုးများသည်းထန်စွာ ရွာသွန်းခြင်း၊ ရန်သူ့ လက်နက်ကြီးများ ပစ်ကူခြင်း၊ လေကြောင်းပစ်ကူများ စစ်ကောင်စီဘက်မှ စစ်ကူပေးနေသည့်ကြား၌ပင် တိုက်ပွဲဆက်လက်ဖော်ဆောင်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။

ထိုစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ သုံ့ပန်း (၁၈)ဦး ၊ လက်နက်အလက် (၄၀)နှင့်အတူ စစ်အသုံးအဆောင်အမြောက်အမြား သိမ်းဆည်းရမိကာ ရက္ခိုင့်တပ်တော် (AA)ဘက်မှလည်း အထိအခိုက် အကျအဆုံးရှိခဲ့ပြီး အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိခဲ့ချေ။

 

နိုဝင်ဘာ (၁၆) ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် (AA)မှ ပေါက်တောမြို့မ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးအချို့နှင့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများသိမ်းပိုက်နိုင်ခဲ့သည်။