လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် ပခုက္ကူက ရဲတပ်သားကို ချေးငှားပြီး ဆုငွေကျပ်သိန်း ၈၀ ချီးမြှင့်

Author မင်းထက်
Categories
Published on Nov 24, 2023

မကွေးတိုင်း၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသဖြင့် ဆုငွေ ကျပ် သိန်း ၈၀ ချီးမြှင့်လိုက်ကြောင်း Southern YSO PDF တာဝန်ခံခေါင်းဆောင် ဗိုလ်အောင်မောင်းက CJ Platform သို့ ပြောသည်။

 

အောက်တိုဘာလ ၃၀ ရက်နေ့က ပခုက္ကူမြို့မရဲစခန်းတွင် တာဝန်ကျထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးသည် ၎င်းကိုင်ဆောင်သော G3 သေနတ်တစ်လက်အပါအဝင် ကျည်ဘောက် ၄ ခု၊ ကျည် ၁၂၇ တောင့်၊ လက်ထိပ် ၁ ခုတို့ဖြင့် လက်နက်အပ် အလင်းဝင်ရောက်လာကြောင်း သိရသည်။

 

၎င်းကို  ဆုငွေချီးမြှင့်ခဲ့သည့်အပြင် နေထိုင်လိုသော အရပ်သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

၎င်းအနေဖြင့် စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်သော အဓိရည်ရွယ်ချက်များမှာ စစ်ကောင်စီတပ်က ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်နှင့် စည်းစိမ်ကို မီးရှို့ဖျက်ဆီး  လုယက်ယူဆောင်ခြင်း၊ အာဏာရှင်အတွက် အလုပ်လုပ်ခြင်း အစရှိသည်တို့ကို မနှစ်မြို့သည့်အတွက် ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလှုံခြင်းဖြစ်ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

အလင်းဝင်လာသည့် ရဲတပ်သားကို ဆုကြေးငွေ ချီးမြှင့်ပေးရာတွင် ငွေကြေးမလုံလောက်ခဲ့သည့်အတွက် ငွေ ချေးငှားပေးခဲ့ရပြီး ပြည်သူများအနေဖြင့် နိုင်ရာဘက်မှ ပါဝင်ကူညီပေးရန် ဗိုလ်အောင်မောင်းက မေတ္တာရပ်ခံသည်။

 

“ရပ်တည်နေရတာ Local အဖွဲ့စည်းဖြစ်တယ်။ အဖွဲ့စည်းအကြီးကြီးတွေကနေ ထောက်ပံ့ပေးထားတဲ့ အဖွဲ့အစည်းလည်းမရှိဘူး။ ပြည်သူ့ဆီကနေ ထောက်ပံ့ကူညီမှုရှာရတာ အခက်အခဲဖြစ်တယ်။ နောက် ပြီးခဲ့တဲ့လကဆို ရဲဘော်တစ်ယောက်ကို ဆေးကုသရတာ သိန်း ၁၅၀ လောက်ကုန်သွားတယ်။ အဲဲဒီအခြေနေရော၊ ရဲဘော်တစ်ယောက် CDM ၀င်ရောက်လာတဲ့အခြေအနေရော ကျွန်တော်တို့မှာ ငွေကြေးအခက်အခဲက မလုံလောက်ဖြစ်သွားတာဗျ” ဟု ဗိုလ်အောင်မောင်းက ရှင်းပြပြောဆိုသည်။

 

Southern YSO PDF အနေဖြင့် ထပ်မံ၍ လက်နက်အပ် အလင်းဝင်ရောက်လာမည့် စစ်ကောင်စီတပ်သားများကို နွေးထွေးစွာ ကြိုဆိုကြောင်း ဆိုသည်။