ရှီကျင်းဖျင် နှင့် ဂျိုးဘိုင်ဒင်တို့ ဒုတိယအကြိမ်မြောက် အဖြစ် အမေရိကန်တွင်တွေ့ဆုံ

Author လင်းနွေဦး
Categories
Published on Nov 16, 2023

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်စကိုတွင် နိုင်ဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ် စီးပွားရေး ဆွေးနွေးပွဲသို့ တရုတ်သမ္မတ ရှီကျင်းဖျင် တက်ရောက်ခဲ့သည်။

 

ယင်းသို့တက်ရောက်ခြင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တွင် ကျင်းပခဲ့သော G-20 အစည်းအဝေးပွဲအပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် တရုတ်သမ္မတ ရှီကျင်းဖျင် တို့၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းလည်း ဖြစ်ကြောင်း CNN မီဒီယာမှ ဖော်ပြသည်။

 

ယခုကဲ့သို့ မတွေ့ဆုံမီ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ ၌ အမေရိကန်နိုင်ငံ လေပိုင်နက် အတွင်းသို့ တရုတ် နိုင်ငံဘက်မှ ထောက်လှမ်းရေးသုံး မိုးပျံပူဖောင်း လွှတ်တင်ခဲ့ပြီး အမေရိကန်လေတပ်မှ ထိုမိုးပျံပူပေါင်းအား ပစ်ချခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေးတင်းမာ နေခဲ့သည်။ ယင်းမိုးပျံပူပေါင်းမှာ မိုးလေဝသစောင့်ကြည့်လေ့လာရေးသုံး ပစ္စည်းတစ်ခုဖြစ်ကြောင်း၊ ထိန်းချုပ်မှု လွတ်ကင်းကာ လမ်းကြောင်းပြောင်းလဲ ဝင်ရောက်သွားခဲ့ခြင်းသာ ဖြစ်ကြောင်း တရုတ်ဘက်မှ ငြင်းဆိုခဲ့သည်။

 

ယခု ပြုလုပ်သော ဆွေးနွေးပွဲအတွင်း တရုတ်နှင့် အမေရိကန် အတွင်းရှိ စီးပွားရေး လုပ်ငန်းများ အကြောင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အကြောင်းအရာများအား အရေးပေး ဆွေးနွေးခဲ့ကြကြောင်းလည်း BBC media မှဖော်ပြသည်။

 

ဆွေးနွေးမှုများအနက် အဓိကအကြောင်းအရာများမှာ ထိုင်ဝမ်အရေးနှင့် လက်ရှိ ဖြစ်ပွားနေသော အစ္စရေး -ဟားမစ် အရေးတို့ ပါဝင်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မှ ထိုင်ဝမ်၏ ရွေးကောက်ပွဲအား အလေးထားပေးရန် ပြောဆိုခဲ့ကာ တရုတ်သမ္မတ ရှီကျင်းဖျင်မှလည်း အမေရိကန်အား ထိုင်ဝမ် အပေါ် လက်နက်တပ်ဆင်ရေး ရပ်တန့်ရန်နှင့် တရုတ်၏ “ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေး”အား ထောက်ခံရန် ပြန်လည် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

 

အစ္စရေး-ဟားမစ် အရေးအား ဆွေးနွေးရာတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မှ အများဆုံး ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးပါဝါအား အသုံးပြုကာ ၎င်းအရေးအား ပိုမိုမီးမောင်းထိုးပြနိုင်ရန် တိုက်တွန်းခဲ့ရာ တရုတ်သမ္မတ ရှီကျင်းဖျင်မှ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ပြောကြားမှုများအား နားထောင်မှု ပြုခဲ့ကြောင်း သိရသည်။

 

ထို့နောက် လူသားဉာဏ်ရည်တု နည်းပညာ (AI) နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ပြီး နည်းပညာသစ်အပေါ် အခြေခံ၍ နှစ်နိုင်ငံ လက်တွဲလုပ်ဆောင်မှုများ ပြုလုပ်မည်ဟု သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးမှုအတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်မှ အမေရိကန်နှင့် တရုတ်နိုင်ငံ အကြား အကြောင်းအရာများနှင့် ပတ်သက်၍ “ကမ္ဘာဂြိုလ်ရဲ့ ကြီးမားမှုဟာ နိုင်ငံကြီးနှစ်နိုင်ငံ အောင်မြင်ဖို့ အတွက် လုံလောက်ပါတယ် ” ဟု ပြောကြားခဲ့ကြောင်း CNN မှ ဖော်ပြသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မှလည်း ဆွေးနွေးပွဲအပြီးတွင် “သမ္မတ ရှီကျင်းဖျင်နှင့် ဆွေးနွေးခဲ့ရသည်များမှာ အပြုသဘောဆောင်ပြီး အကျိုးရလဒ်မြင့်လုပ်ဆောင်မှုများရှိသော ဆွေးနွေးမှုများ ဖြစ်ခဲ့သည်” ဟု ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံ မီဒီယာများဘက်မှလည်း အမေရိကန်နှင့် တရုတ်တို့၏ မြင့်မားသော စစ်ရေး ပူး​ပေါင်းလုပ်ဆောင်မှုများ ပြန်လည် တည်ဆောက်ရန် သဘောတူမှု ရခဲ့ပြီး ဖြစ်ကာ နှစ်နိုင်ငံကြား ပွင့်လင်းသော တိုက်ရိုက်ဆက်သွယ်မှု အနေအထားသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် နှပ်ကြောင်းပေး ဖော်ပြခဲ့ကြသည်။

 

သို့ရာတွင် သမိုင်းမှတ်တမ်းများအရ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးမှာ နှစ် ၆၀ ကာလအတွင်း ဆိုးရွားနေခဲ့မှုကြောင့် ယခုကဲ့သို့ တွေ့ဆုံမှု တစ်ကြိမ်တည်းနှင့် ဆက်ဆံရေးကောင်း ပြန်လည်တည်ဆောက်နိုင်မည်ကို သံသယရှိကြောင်း နိုင်ငံတကာကျွမ်းကျင် ပညာရှင်များမှ ဝေဖန် ထောက်ပြလျက်ရှိသည်။