ရှားတောရှိ စစ်ကောင်စီ ပွန်ချောင်းစခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

Author ခေတ်နီ
Categories
Published on Dec 05, 2023

ကရင်နီ(ကယား)ပြည်၊ ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်နီတပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

 

လွိုင်ကော်နှင့် ရှားတောမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ပွန်ချောင်းတံတားထိပ်ရှိ စစ်ကောင်စီတပ်၏ ခလရ ၇၂ အထိုင်တပ်စခန်းကိုပြီးခဲ့သည့် ဒီဇင်ဘာလ (၃)ရက်နေ့တွင် တော်လှန်ရေးတပ်များမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

“စခန်းက ကျွန်တော်တို့ သိမ်းလိုက်ပြီနော်။ အဲဒါကမှန်ပါတယ်။ စခန်းက ၃  ရက်နေ့မှာ သိမ်းလိုက်တာ။ အခုက ကျွန်တော်လည်း ခရီးသွားနေလို့ အတိအကျ အဆက်အသွယ် မရသေးဘူး” ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိထားကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သည့် ကန္တာရဝတီတိုင်း(မ်)တွင် ဖော်ပြထားသည်။

 

” သူတို့ဆုတ်ပြေးသွားတာကို ဝင်တိုက်တာ။ အတိအကျတော့မသိသေးဘူးပဲ” ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများမှ Operation 11.11 အမည်ဖြင့် စစ်ကောင်စီတပ် အထိုင်ချနေရာများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

 

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုများအပြင် နေအိမ်အဆောက်အအုံပျက်စီးမှုနှင့် အရပ်သားသေဆုံးမှု ၁၀၀ ဝန်းကျင်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ- KA

 

ပုံစာ – ရှားတော ရှိစစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်များက သိမ်းပိုက်ရရှိခဲ့စဥ်(ပုံဟောင်း)