ရှမ်းမြောက် တိုက်ပွဲများကြားက ပြည်သူတွေရဲ့ တီးတိုးသံ

Author CJ Platform
Categories
Published on Nov 05, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)တခွင်မှာ အောက်တိုဘာ ၂၇ ရက်ကစလို့ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီတပ်စခန်းတွေ အပါအဝင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ ဒီလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ကြားက မြေစာပင် အရပ်သားပြည်သူများအတွက် အတိဒုက္ခ ရောက်ကြရပါတယ်။ ဒီစစ်ပွဲတွေကြောင့် ထိခိုက်သေဆုံးရသလို နေရပ်စွန့်ခွာထွက်ပြေးရသူတွေ၊ ပိတ်မိနေသူတွေ များစွာရှိနေပါတယ်။

 

ဒါကြောင့် ဒီလိုဒုက္ခအတိရောက်နေသူတွေ‌ရဲ့ တီးတိုးသံတွေကို ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ” ကဏ္ဍကနေ ဖော်ထုတ်ပေးလိုက်ပါတယ်။

 

“ကြာလာလေ အခြေခံစားသောက်ကုန် ပြတ်ဖို့ရာရှိတာပါပဲ။”

 

လောက်ကိုင်မြို့တွင် အလုပ်လာလုပ်ရင်း ပိတ်မိနေသူတစ်ဦး

 

“အလုပ်တွေနားထားတာကတော့ တိုက်ပွဲတွေစဖြစ်တဲ့ ၂၇ ရက်နေ့ကတည်းကပဲ။ တစ်မြို့လုံးက အလုပ် Site တွေကလည်းနားထားပြီ။ တိုက်ပွဲကြောင့် လမ်းတွေလည်း ပိတ်နေတော့ အောက်ကိုလည်း ပြန်ဆင်းလို့ မရတော့ဘူး။ အစက ၂၇ ရက်နေ့ အလုပ်ပြီးရင် ပြန်ဆင်းကြမယ်လုပ်ထားတာ။ ခုကတော့ ပိတ်မိနေတာပေါ့။

 

ဈေးဆိုင်တွေကလည်း အခြေအနေကြည့်ဖွင့်နေရတာ။ ညနေဆိုပိတ်ပြီ။ မနက် ၆ – ည ၆ မာရှယ်လောကလည်း ထုတ်ထားသေးတယ်။ ကုန်ဈေးနှုန်းကတော့ အစစ ဈေးကြီးကုန်တာပဲ။ အရင်ဆန်ဈေးက ၂၅၀ ယွမ် ( ၉၂,၅၀၀ ကျပ်) လောက်ပဲ၊ အခုက ၁၁၀၀ ယွမ် (၄၀၇,၀၀၀ ကျပ်)  လောက်ထိ ထိုးတက်သွားတယ်လို့ စားဖိုမှူးကတော့ပြောတယ်ဗျ။ ကြက်ဥတစ်ကဒ်က အရင်က ၂၀ ယွမ် ( ၇,၄၀၀ ကျပ်) ပဲ၊ အခု ၆၀ ယွမ် (၂၂,၂၀၀ ကျပ်) လောက် ဖြစ်နေပြီ။ မနက်ကဝယ်လာတဲ့ ပရီမီယာ ကော်ဖီအထုပ်ကြီးဆို ၁၈ ယွမ် ( ၆,၆၆၀ ကျပ်)ကနေ ၂၁ ယွမ် (၇,၇၀၀ ကျပ်) ဖြစ်သွားပြီ။ စားဆီတွေလည်း ဘူးကြီးတစ်ဘူးကို ငါးယွမ်လောက် တက်တယ်။ အားလူးတို့၊ ကွမ်းရွက်တို့ဘာတို့ဆို ဝယ်မရတော့ဘူး။ ကြာလာလေ အခြေခံစားသောက်ကုန် ပြတ်ဖို့ရာရှိတာပါပဲ။ ဒီနေ့ ဗမာဈေးတန်းဘက်ရောက်တော့ ဈေးတွေရသလောက်ဝယ်ပြီး စုနေကြတယ်။ အရင်ကထက်လည်း လူပိုစည်တယ်။

 

(ယွမ်ကနေ ကျပ်ဈေးတွက်ချက်ထားတာက စစ်မဖြစ်ခင် နောက်ဆုံးငွေပေါက်ဈေး တစ်ယွမ်ကို ၃၇၀ ကျပ်နှုန်းနဲ့ တွက်ထားတာဖြစ်ပါတယ်။)

 

ငွေလဲတာက စစ်စဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက တစ်မြို့လုံးက ဆိုင်တွေမှာ ဘယ်မှာမှလဲ မရတော့ဘူးဗျ။ ဒီနေ့မနက် (နိုင်ဝင်ဘာ ၁ ရက်နေ့) ကျနော်ဈေးထဲရောက်တော့ တချို့ဆိုင်ကတော့ ပြန်လဲပေးပြီး ဈေးကတော့မတူကြဘူး၊ တချို့က တစ်ယွမ်ကို ၄၀၀၊ တချို့က ၃၇၀ ပဲပေးတယ်။ လဲနေကျဆိုင်ကို မနက်ကဝင်မေးလိုက်တော့ တစ်ယွမ်ကို ၄၃၈ ကျပ်ကနေ ၃၇၀ ထိ ထိုးကျသွားတယ်လို့ပြောတယ်။

တစ်ညလုံးပစ်သံတွေကြားနေရတာပဲ။  နီးပြီထင်တာပဲ အသံတွေပိုကျယ်လာတယ်။ ”

မှတ်ချက်။ ကုန်ဈေးနှုန်း အချိန်နဲ့အမျှအပြောင်းအလဲရှိနိုင်ပါတယ်။

 

****************************************

 

“လားရှိုး မြို့တွင် ပိတ်မိခဲ့သူ မကွေးမှ ပြည်သူ တစ်ဦး”

 

ကျွန်တော် က တော်လှန်ရေးအင်အားစု ဘက် က ညီနောင် သုံးဖွဲ့ ရဲ့ Operation 1027 စလိုက်တဲ့ အချိန် မတိုင်ခင်က လားရှိုး ကို ရောက်နေတာ အိမ် က မကွေးဘက်မှာ သူတို့စလိုက်တော့ လမ်းတွေပိတ်ကုန် ပြီး ကြာသွားတယ် ဖြစ်ချင်တော့ တည်းတဲ့အိမ်က လည်းစစ်တပ်ကုန်း နဲ့ နီးတော့ သူတို့ လက်နက်ကြီးတွေ ပစ်ရင် တုန်ခါမှုက အိမ်ကိုပါ လာရိုက်တော့ အိမ် ပါ တုန်တယ် ဒါမဲ့ စစ်တပ် နေရာနဲ့ နီးတော့ မီးက တခြားနေ ရာနဲ့ မြို့တွေထက် မီးပိုလာတယ် လိုင်းတွေတော့ သိပ်မကောင်းဘူး တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေကအသိတွေကို လှမ်းမေးတော့ မီးတွေပြတ် လိုင်းတွေဖြတ် ကုန်တာ အဲ့ဒါ ပြန်ဖို့ကို လမ်းကြောင်းရှာပြီး ပြန်ခဲ့ရတယ် ခုတော့ တခြား မြို့ကိုရောက်နေပြီ ရှမ်းပြည် တောင်ပိုင်း နဲ့ မြောက်ပိုင်းကလောလောဆယ် အနေအထား က ကွားခြားနေတယ်လို့ဘဲ ပြောပြချင်ပါတယ်။