ရှမ်းမြောက်မှာ စစ်အုပ်စုနဲ့တိုက်ပွဲဖြစ်နေတဲ့ အင်အားကြီးလက်နက်ကိုင်အဖြစ် TNLA တစ်ဖွဲ့သာ ကျန်ရှိ

စစ်အုပ်စုနဲ့ ဆက်လက်တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်ထဲက အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တအာင်းတပ်မတော် (TNLA) တစ်ဖွဲ့သာကျန်ရှိနေတာကြောင့် စစ်အုပ်စုက စစ်ရေးအရ အရှိန်မြှင့်ဖိအားပေး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထဲက ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်အုပ်စုကြား အပစ်အခတ်ရပ်စဲထားတာကြောင့် ရှမ်းပြည်မြောက်ပိုင်းထဲက TNLA ကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဖိအားပေးနေတာလည်းဖြစ်ပြီး TNLA ထိန်းချုပ်ဒေသတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ရေးဖော်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
“ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတာ TNLA တစ်ဖွဲ့ပဲရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေ ပါဝင်ဖို့ ကျွန်မတို့ ကြိုးပမ်းတာမျိုးတွေ ရှိပါတယ်။ စစ်ရေးဖိအားကတော့ အပြင်းအထန်ခုခံဆောင်ရွက်နေတာမျိုးတွေရှိတယ်” လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ CJ Platform ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
TNLA ထိန်းချုပ်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ပြန်လည်သိမ်းယူထားပါတယ်။ ဒါ့အပြင် မိုးကုတ်၊ သပိတ်ကျင်း၊ ကျောက်မဲနဲ့ သီပေါတို့ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်ဆင်မှု ဆက်လက်လုပ်ဆောင်နေတာတွေရှိနေတာကြောင့် TNLA က မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရှမ်းပြည်ထဲက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေဖြစ်တဲ့ ”‘ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့က စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲထားတာကြောင့် အင်အားကြီး TNLA အနေနဲ့ စစ်ရေးဖိအားတွေ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး ရှမ်းပြည် မြို့နယ်အများအပြားမှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်ဖို့အတွက် ၁၀၂၇ စစ်ရေးကာလအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့နယ်တွေကိုလည်း ပြန်လည်သိမ်းယူနိုင်ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။