ရှမ်းမြောက်နှင့် ရခိုင်တွင် အထိနာနေသည့် စစ်ကောင်စီ အရပ်သားများကို ပိုမိုပစ်မှတ်ထားတိုက်ခိုက်လာ

Author အဂ္ဂ
Categories
Published on Nov 27, 2023

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့များ ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေသည့် စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် ခပ်စိပ်စိပ် တိုက်ခိုက်လာသည်ကို ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ယမန်နေ့ (နိုဝင်ဘာ ၂၆)တစ်ရက်တည်း ရှမ်းမြောက်တခွင်နှင့် ရက္ခိုင်ပြည်ရှိ ကျေးရွာကိုးရွာတို့တွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် အဆောက်အဦးများထိခိုက်ပျက်စီးကာ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရခဲ့သည်ဟု သိရသည်။

တအာင်းတပ်မတော် TNLA ထုတ်ပြန်ချက်များတွင် ယမန်နေ့ နံနက် (၁၁) နာရီ (၅) မိနစ်ခန့်တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်က ရွှေညောင်ပင်ရွာဘက်မှ နေ၍ သုံးဆယ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား (၂)ဦး သေဆုံးကာ (၁) ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

ထို့ပြင် နမ့်ခမ်းမြို့နယ်တွင်လည်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာနှင့် ပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံးအပါအဝင်၊ လက်နက်ကြီးဖြင့် (၂၃)ကြိမ်နှင့် ဗုံးဖြင့် (၇) ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာတွင် တိုက်နယ်ဆေးရုံနှင့် နေအိမ်တစ်လုံးပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မန်နားကျေးရွာ သာယာကုန်းရပ်ကွက်တွင်လည်း နေအိမ်တစ်လုံးပျက်စီးကာ အသက် (၁၇) နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။ စယ်လန့်ကျေးရွာအုပ်စု မန်ဆက်ကျေးရွာတွင်လည်း ဒေသခံနေအိမ် (၃) လုံး ပျက်စီးကာ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

အလားတူ ရက္ခိုင်တွင်လည်း ယမန်နေ့ နေ့လယ် (၂) နာရီခွဲခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောနှင့် ရဲရိုးပြင်ကျေးရွာတို့ကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ (၂) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

နေ့လယ် ၂ နာရီခွဲ၃၀ ခန့်တွင် စစ်ကောင်စီ၏ ရေတပ်မှ ရမ်းသန်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၏ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော ဘုတ် (၁) စီး မီးလောင်ပျက်စီးခဲ့ပြီး ၎င်းရေတပ်သင်္ဘောမှ ကျောက်ဆိပ်ကျေးရွာနှင့် နီးကပ်သော ယိုးငူကျေးရွာအပါအဝင် အခြား အနီးကျေးရွာများသို့လည်း လက်နက်ကြီးဖြင့် တစ်ညနေလုံး အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့သည်လည်း ဖော်ပြထားသည်။

 

ထို့ပြင် ညနေ (၃) နာရီခွဲခန့်တွင် စစ်ရေးပြင်းထန်နေသည့် ပေါက်တောမြို့အတွင်းသို့ စစ်ကောင်စီသည် တမင်တကာ ပစ်မှတ်ထား၍ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့အတွင်း ပိတ်မိနေသော မြို့ခံ (၄) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ယမန်နေ့ တစ်ရက်တည်းအတွင်းမှာပင် ရှမ်းမြောက်တခွင်နှင့် ရက္ခိုင်ပြည်ရှိ ကျေးရွာကိုးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် အရပ်သား (၃) ဦးသေဆုံး၍ (၁၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဆေးရုံတစ်ရုံအပါအဝင် နေအိမ်အဆောက်အဦးငါးလုံး၊ မော်တော်ဘုတ်တစ်စင်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးတစ်လတာအတွင်း အထိနာနေသည့် စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် အရပ်သားပြည်သူများကို ပိုမိုပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး တအာင်းစစ်ဒေသတွင်လည်း ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ (၂၇) မှ ယမန်နေ့ (နိုဝင်ဘာ ၂၆) အထိ တစ်လတာအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၆၀) ကျော်သေဆုံးကာ (၁၀၀) ကျော်ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်အရသိရသည်။

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသည် ရှမ်းပြည်(မြောက်ပိုင်း)တခွင်တွင် မြို့(၇) မြို့နှင့် တပ်စခန်း (၂၂၀) ကျော်၊ ရက္ခိုင်ပြည်တွင် တပ်စခန်း (၄၄) ခုထက်မနည်း လက်လွှတ်လိုက်ရသည်အထိနာလျက်ရှိသည်။