ရှမ်းမြောက်တွင် ၁၀၂၇ စစ်တင်ရေးဆင်နွှဲနေစဉ် RCSS နှင့် SSPP တပ်ဖွဲ့တို့ အပစ်ရပ်ကြောင်းကြေညာ

Author ခေတ်နီ
Categories
Published on Nov 29, 2023

ရှမ်းပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲကြောင်း ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် SSPP တာဝန်ရှိသူ သုံးဦး RCSS တာဝန်ရှိသူ လေးဦးတို့ တွေ့ဆုံဆွေးနွေးပြီး တရားဝင် အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုနှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ရှမ်းမြောက်ဒေသအတွင်း ကိုးကန့်အဖွဲ့ MNDAA၊ တအောင်းအဖွဲ့ TNLA နှင့် ရခိုင့်တပ်တော် AA တို့၏ ညီနောင်မဟာမိတ်သုံးဖွဲ့တို့က စစ်ကောင်စီအပေါ် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေစဉ် ယခုအခါ ရှမ်းမြောက် အခြေစိုက်အဖွဲ့များက အပစ်အခတ်ရပ်စဲကြောင်း ကြေညာလာခြင်းဖြစ်သည်။

 

ထိုအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက CJ Platform ၏ မေးမြန်းမှုကို ယခုလိုဖြေကြားသည်။

 

“အပစ်အခတ်ရပ်စဲတာက အချိန်ကာလအားဖြင့် မရှိဘူး။ ကျွန်တော်တို့ ရှေ့ဆက်ဆွေးနွေးဖို့ဟာတွေရှိတယ်။ အဓိက သဘောတူညီမှု သုံးချက်ပေါ့။ အပစ်အခတ်ရပ်မယ်။ စေ့စပ်ဆွေးနွေးမယ်။ ပြည်သူတွေကို လွတ်လပ်စွာသွားခွင့်ပေးမယ်။ အဲဒီဟာတွေကလည်း ဒေသတွင်းက ပြည်သူတွေ အဓိကတောင်းဆိုလို့ ဖြစ်လာတာပေါ့” ဟု ဆိုသည်။

 

ထိုသို့အပစ်ရပ်နိုင်ရန် နှစ်ဖက်တပ်ဖွဲ့ ဥက္ကဋ္ဌများ၏ ညွှန်ကြားချက်အရ ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင်လည်း ဆွေးနွေးခဲ့ကြပြီး မြေပြင်တိုက်ပွဲများအပြင် မီဒီယာမှတစ်ဆင့် အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုများကိုပါ ရပ်တန့်ခဲ့ကြခြင်းဖြစ်သည်။

 

ထိုသို့ရှမ်းလက်နက်ကိုင် တပ်ဖွဲ့နှစ်ခုအကြား အပစ်အခတ်ရပ်စဲမှုအပေါ် ရှမ်းတိုင်းရင်းသားများမှလည်းကြိုဆိုပြီး အပစ်အခတ်ရပ်စဲရေးထက် ပိုမိုခိုင်မာမည့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေကြကြောင်း ပြောဆိုကြသည်။

 

“ဒီအပစ်အခတ်ရပ်စဲမှုကို အကောင်းမြင်ပါတယ်။ ဒီအပစ်အခတ်ရပ်စဲမှုထက် ပိုပြီး ရေရှည်တည်တံ့နိုင်မယ့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နိုင်ဖို့လည်း မျှော်လင့်တယ်။ နောက်တစ်ခုကတော့ အချင်းချင်းလက်တွဲပြီး စစ်အာဏာရှင်ကို တော်လှန်နိုင်ကြဖို့ပေါ့” ဟု Tai Student’s Union(ရှမ်းကျောင်းသားများသမဂ္ဂ)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

လက်ရှိရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များအကြား ထိုးစစ်များပြင်းထန်နေပြီး တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုများလည်း ရာဂဏန်းဝန်းကျင်အထိ မြင့်တက်လာနေသည်။

 

လတ်တလော ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် အောက်တိုဘာ ၂၇ ရက်မှစတင်၍ ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီစခန်း စခန်းကြီး/ငယ် စုစုပေါင်း ၂၀၀ နီးပါးသိမ်းပိုက်ထားသကဲ့သို့ မြို့ ၇ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။