ရှမ်းမြောက်တွင် စစ်ရှောင်နှစ်သောင်းကျော်အထိရှိလာ

Author ခေတ်နီ
Categories
Published on Nov 01, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေ့သော ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်များအကြားက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် ဒေသခံနှစ်သောင်းကျော်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူများထံမှ သိရသည်။

လာရှိုး၊ ကျောက်မဲ၊ သိန္နီ၊ ကွတ်ခိုင်နှင့် ချင်းရွှေဟော်စသည့်ဒေသများတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများယ‌နေ့အထိ ပြင်းထန်နေဆဲဖြစ်သည်။

စစ်ဆင်ရေး ၁၀၂၇ ဟုအမည်ပေးထားသည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ပြုလုပ်သည့် စစ်ဆင်ရေးတိုက်ပွဲများအတွင်း ဒေသခံနှစ်သောင်းကျော်သည် ဘေးလွတ်ရာမြို့ပေါ်ဘုန်းကြီးကျောင်းများနှင့် တောတောင်များအပြင် နယ်နမိတ်ထိစပ်နေသည့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းကိုပါ တိမ်းရှောင်နေရကြောင်း ရှမ်းမြောက်ဒေသတွင်း လူမှု့ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“ကျမတို့က စဖြစ်တဲ့နေ့တည်းက နန့်တစ်ဖက်ကိုရှောင်လာတာ။ လက်နက်ကြီးရော၊ ဒရုန်းတွေနဲ့ရောပစ်လို့၊ ကလေးကလည်း ငယ်သေးတော့ ရှောင်လာရတာ။ လောလောဆယ်တော့လုံခြုံပါတယ်” ဟု “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းသို့ တိမ်းရှောင်ခဲ့ရသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းကဲ့သို့ဘေးလွတ်ရာတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များကို လားရှိုး၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များရှိဘာသာရေးအဆောက်အအုံများတွင် ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ အကူအညီပေးနေပြီး အရေးပေါ် စားနပ်ရိက္ခာအပါအဝင် စောင်နှင့် အဝတ်အထည်များပါလိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီသူများက ဆိုသည်။

“အရေးပေါ်အကူအညီအနေနဲ့ကတော့ ကျမတို့လိုအပ်နေတာက အခြေခံစားနပ်ရိက္ခာပေါ့။ ရှမ်းပြည်က ဆောင်းဝင်လာပြီဆိုတော့ အနွေးထည်တွေနဲ့ အမျိုးသမီးတွေအတွက်လစဥ်သုံးပစ္စည်းတွေလိုတယ်ပေါ့။ လက်ရှိက တိုက်ပွဲတွေလည်း ဆက်ပြင်းထန်နေတော့ စစ်ရှောင်က ထပ်တိုးလာဖို့ပဲရှိတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးကဆိုသည်။

ညီနောင်မဟာမိတ်တပ်များပြုလုပ်နေသည့်စစ်ဆင်ရေး ၅ ရက်တာအတွင်း စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်များအပါအဝင်အရပ်သား ၁၁ ဦးထက်မနည်းသေဆုံးကာ ၃၀ ကျော်ထိခိုက်ဒဏ်ရာများရရှိထားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထုတ်ပြန်ထားသည်။