ရှမ်းမြောက်တိုက်ပွဲများကြောင့် ကုန်ကြမ်းမဝင်၍ ရန်ကုန်ရှိ တရုတ်စက်ရုံအချို့ယာယီပိတ်

Author ကိုထက်
Categories
Published on Jan 18, 2024

ညီနောင်သုံးဖွဲ့၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများကြောင့် ရန်ကုန်တိုင်းအတွင်းရှိ တရုတ်စက်ရုံအချို့ ကုန်ကြမ်းပစ္စည်းမရ၍ ယာယီပိတ်သိမ်းနေရကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

 

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်မှစခဲ့သော ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့၏ ညီနောင်သုံးဖွဲ့ဖော်ဆောင်ခဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ၏ မြို့များ၊ စခန်းများ သိမ်းခဲ့သည့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

 

ထိုတိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်တန့်ခဲ့ရသည့်အတွက် စီးပွားရေးမြို့တော် ရန်ကုန်သို့ ကုန်ကြမ်းများ မဝင်ခဲ့သည့်အတွက် စက်ရုံ ၂၀ ခန့်ယာယီပိတ်သိမ်းလိုက်ရကြောင်း သိရသည်။

 

ထိုအထဲ အထည်ချုပ်စက်ရုံအများစုသည် ပြည်ပအော်ဒါရှိသော်လည်း လမ်းကြောင်းအခြေအနေကြောင့် ကုန်ကြမ်းပစ္စည်းမဝင်၍ ပိတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

 

“တချို့အရင်ပိတ်သွားတဲ့စက်ရုံတွေကတော့ ရှိတယ်ပေါ့နော်။ အဲဒီစက်ရုံတွေကတော့ Santion ကြောင့် ထွက်သွားတဲ့ဟာတွေပေါ့။ အခုက အော်ဒါတွေက ရကြတယ်။ ကုန်ကြမ်း‌က တရုတ်ဘက်ကနေ လာမယ့်ပစ္စည်းက တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်တော့မဝင်တော့တဲ့အတွက် ပိတ်ရတာ။ ရန်ကုန်တိုင်းအတွင်းထဲမှာတော့ စက်ရုံ ၂၀ လောက်ရှိမယ် ” ဟု အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

 

ယင်းသို့ပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားခံရသည့် စက်ရုံအလုပ်သမားများ များပြားလာပြီး ၎င်းတို့၏ စားဝတ်နေရေးမှာလည်း ပိုမိုခက်ခဲလာသည်ဟု ၎င်းက ဆိုသည်။

 

“စက်ရုံကနားထားရတာ တစ်လလောက်ရှိပြီ။ တခြားစက်ရုံတွေ သွားလျှောက်တော့လည်း လူလျှော့ချင်နေတဲ့စက်ရုံတွေက များနေတယ်။ ကျွန်မတို့စက်ရုံဆို အော်ဒါတွေကရတယ်။ ကုန်ကြမ်းမရလို့ စက်ရုံဘက် Cancel လုပ်လိုက်ရတာ။ ကုန်ကြမ်းတွေ ပြန်ဝင်ရင်တော့ ပြန်ခေါ်မယ်ပြောတယ်” ဟု လှိုင်သာယာမြို့နယ် ယာယီပိတ်သိမ်းလိုက်သည့် အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာမြို့နယ်များရှိ စက်မှုဇုန်များတွင် အထည်ချုပ်နှင့် အခြားသောစက်ရုံအချို့မှာ ကုန်ကြမ်းမရရှိမှု၊ စစ်ကောင်စီ၏ မူဝါဒများကြောင့် ရပ်တည်ရန်ခက်ခဲလာခြင်းများကြောင့် ပိတ်သိမ်းနေရသည်။

 

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ များလာသကဲ့သို့ နယ်စပ်မှ စစ်ပွဲများ၊ နိုင်ငံရေး အခြေအနေများကြောင့်လည်း အထည်ချုပ်စက်ရုံ လုပ်ငန်းများ ထိခိုက်နေပြီး အလုပ်သမားများ ပိုမိုကျပ်တည်းလာနေသည်။