ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်းထား

Author လင်းခိုင်
Categories
Published on Oct 10, 2022

စစ်ရေးပဋိပက္ခများဖြေလျော့ရန်နှင့် စစ်ဘေးရှောင်များအား ကူညီနိုင်ရန် ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကမ်းလှမ်းထားကြောင်း RCSS မှ ဗိုလ်မှူး ခမ်းစံက CJ Platformသို့ပြောကြားသည်။

“ကျွန်တော်တို့က ကမ်းလှမ်းတာပေါ့နော်၊ ကြိုတင်ကန့်သတ်ချက်တွေမရှိဘူး၊ နှစ်ဖက်ညှိနှိုင်းမှ ရမှာလေ၊ ရှမ်းပြည်မှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ဖိတ်ခေါ်တယ်၊ ရှမ်းပြည်မှာ ပဋိပက္ခဖြစ်နေတာကို ဖြေလျှော့ဖို့၊ နောက်ပြီးတော့ စစ်ရေးတင်းမာနေတဲ့ ကြားထဲမှာညှပ်နေတဲ့ ပြည်သူလူထုကို ပူးပေါင်းပြီးတော့မှ ကူညီဖြေရှင်းပေးဖို့ အဓိက အဲ့အချက်နှစ်ချက်ပါ” ဟု ဗိုလ်မှူး ခမ်းစံက CJ Platform သို့ပြောကြားသည်။

ဆွေးနွေးမှုများအား ယခုနှစ် အောက်တိုဘာ ၁၀ရက်မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ရက်အထိသတ်မှတ်ထားပြီး ထက်တိုးရန်လိုအပ်ပါကလည်း ထက်တိုးမည်ဖြစ်ကြောင်း ဗိုလ်မှူး ခမ်းစံက ဆက်လက်ပြောကြားသည်။

လက်ရှိနိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသည့် ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင်များ အမြောက်အများရှိခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စိုက်ပျိုးရေးသီးနှံများ စျေးကွက်မရှိခြင်း၊ စား၀တ်နေရေးကျပ်တည်းခြင်း၊ ခရီးသွားလာရေးခက်ခဲ့ခြင်းတို့ကြောင့် ပြည်သူများဒုက္ခရောက်နေခဲ့ရကြောင်း၊ ထို့ကြောင့် RCSS အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပြသနာများကို ဖြေရှင်းရန် ပေါ်လစီချမှတ်ထားကြောင်း ယနေ့တွင် RCSS ကထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးခြင်းမှ တဆင့် အထင်မှားမှုများ လျော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးနှင့် လူထု၊ တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်ရန်ရည်ရွယ်သည့်အတွက် ယခုနှစ်အောက်တိုဘာ ၁၀ရက်မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်အထိ သျှမ်းပြည်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် RCSS ကကမ်းလှမ်းထားသည်။

ယခုကဲ့သို့ တွေဆုံ ဆွေးနွေးရန် ကမ်းလမ်းမှုသည် မဟာမိတ်ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း RCSS ကထုတ်ပြန်ထားသည်။