ရွှေဘိုလမ်းပိုင်းတွင် ငွေတောင်းရန် ထွက်လာသည့် ရဲလေးဦး ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးကာ သေနတ်သုံးလက်ရ

Author မင်းထက်
Categories
Published on Mar 10, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းပိုင်းတွင် ခရီးသွားလာသူ ပြည်သူများအား ငွေကြေးတောင်းခံရန် ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား လေးဦးကို တော်လှန်ရေးတပ်ဖွဲ့များမှ အုန်းတောကျေးရွာအနီးတွင် အနီးကပ်ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးပြီး သေနတ်သုံးလက် ရရှိခဲ့ကြောင်း ဒေသခံများက CJ Platform သို့ပြောသည်။

 

ယမန်နေ့ မတ်လ ၉ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်သားများမှ တစ်နေကုန်လမ်းပိုင်းအား ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

” ရွာသစ်ကြီးရဲစခန်းက ရဲတွေပါ၊ ကျားကျောင်းအရှေ့ဘက် ရေမျက်ရွာသွားတဲ့ လမ်းဘေးကွေ့နားမှာ ရက်ခြား ပိုက်ဆံကောက်ပါတယ်၊ ရဲဘော်တွေက သွားပြီးကင်းပုန်းဝပ်ပြီး အနီးကပ်ပစ်ခတ်တာပါ၊ လေးယောက်ထိပါတယ်၊ သုံးယောက်သေတယ်၊ သေနတ် သုံးလက်ရခဲ့ပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (စစ်ကိုင်း ပကဖ) တာဝန်ရှိသူက ပြောသည်။

 

ပစ်ခတ်ခံရပြီးနောက်  တပ်မ ၃၃ မှထွက်လာသော စစ်သားများနှင့် အုန်းတောတပ်မှ ထွက်လာသော စစ်သားများက  လမ်းပိုင်းများအကုန်ပိတ်ကာ အရပ်သားပြည်သူများကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊  ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်မှု ရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာထဲက ပြည်သူ လူငယ် ၆ ဦးခန့်နှင့် အမျိုးသမီးအချို့ ဖမ်းဆီးခြင်းခံရ​ကြောင်းကို ကနဦး သိရှိရကြောင်း အထက်ပါ တာ၀န်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

 

စစ်ကောင်စီရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်မှုနှင့် ဖမ်းဆီးခံရသူများကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

 

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီလော်ဘီများ၏  သတင်းထုတ်ပြန်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်အနီး၌ ယနေ့ မတ်လ ၉ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့ လမ်းကြောင်းအား လုံခြုံရေးဆောင်ရွက်ရန် ရောက်ရှိနေသော ရွာသစ်ကြီးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို  PDF များက တိုက်ခိုက်ခဲ့ကြောင်း ရေးသားထားကြသည်။

 

“ရောချတာလို့ ပြောလို့ရပါတယ်၊ အခုဖြစ်စဥ်မှာ ဝန်ကြီးလမ်းကြောင်းမရှိပါဘူး” ဟု စစ်ကိုင်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

 

ဖြစ်စဥ်အတွင်း ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ်ကြပ် ဇာနည်ထွန်း နှင့် ရဲဒုတပ်ကြပ် ရန်နိုင်စိုးတို့ သေဆုံးခဲ့ကြောင်း ၊  MA-13 သေနတ် (၁)လက်၊ 9 MM (HV) ကျည် (၂၀၀)တောင့်၊ ကျည်အိမ် (၂) ခု၊ BA-63 သေနတ် (၂) လက်၊ ၎င်းကျည် (၄၀၀)တောင့် ၊ ကျည်အိမ် (၆)ခု၊ MG-1 လက်ပစ်ဗုံး (၃) လုံးနှင့် မော်တော်ယာဥ်တစ်စီးတို့ပါ ဆုံးရှုံးခဲ့ရသည်ဟု စစ်ကောင်စီလော်ဘီများက ဖော်ပြထားသည်။

 

ဓာတ်ပုံ- စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ( ပုံဟောင်း)