ရွှေဘိုရှိ ပျူစောထီးများတပ်စွဲထားသည့် ကျေးရွာ နှစ်ရွာကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်းသေဆုံးဟု BNRA ဆို

Author လင်းနွေဦး
Categories
Published on Nov 28, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ အခြေချတပ်စွဲထားသည့် ကျေးရွာလေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး စုစုပေါင်း ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

BNRA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ (၂၅)ရက် နံနက် ၆ နာရီ ၃၀မိနစ်ခန့်က ယင်းမြို့နယ်အတွင်းရှိ ညောင်ကိုင်း၊ ဇီးဖြူကုန်း၊ တည်သီးတော၊ သီးကုန်း ကျေးရွာလေးရွာတို့တွင် တပ်စွဲထားသော ပျူစောထီးတပ်စခန်းများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

ကျေးရွာများအတွင်းသို့ ပြည်သူများ ပြန်လည်နေထိုင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများသည် နံနက် (၆)နာရီ ၃၀မိနစ်မှ နံနက်(၁၀)နာရီ (၁၈)မိနစ်ခန့်အထိ ၄ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် အနီးရှိ နမခတပ်မှ Mi-35 Attack ရဟတ်ယာဉ်ဖြင့် နှစ်နာရီနီးပါးကြာ နှစ်ကြိမ်တိုင် ပစ်ကူပေးခဲ့ကြောင်း BNRA က ဆိုသည်။

 

တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်များသည် လေကြောင်းပစ်ကူပေးနေသည့်ကြားမှ ဇီးဖြူကုန်းနှင့် တည်သီးတောကျေးရွာတို့ကို အပြီးတိုင်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

 

 

ထိုတပြိုင်နက်တိုက်ပွဲများအတွင်း ပျူစောထီးနှင့် စစ်ကောင်စီတပ်သား စုစုပေါင်း (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တော်လှန်ရေး အင်အားစုများဘက်မှလည်း ရဲဘော် ငါးဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း BNRA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

” ပျူရွာတွေအနေနဲ့ နလန်မထူနိုင်တဲ့အနေထားပေါ့။ စကစ စစ်ကြောင်းဘက်ကလည်း ဒါကိုပြန်ရအောင် အသည်းအသန် လုပ်ပေးဖို့မရှိပါဘူး။ ကျွန်တော်တို့ဘက်က ၅ ဦး ထိတာ တစ်ဦးကစိုးရိမ်ရပြီး အခြေအနေတည်ငြိမ်အောင် ကြိုးစားနေရဆဲပါ” ဟု BNRA ၏ ပြန်ကြားရေး တာဝန်ခံက CJ Platform သို့ ပြောသည်။

 

ထိုသို့တိုက်ခိုက်နိုင်ခဲ့သဖြင့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ယင်းဒေသခံများသည် ကျေးရွာများအတွင်းပြန်လည်နေထိုင်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၂၄)ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့အတွင်းရှိ ပျူစောထီးတပ်စခန်းကို BNRA နှင့် မဟာမိတ်တပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်စခန်းကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားခုနစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

 

ဓာတ်ပုံ – BNRA