ရွှေဘိုမြို့နယ် မြင်းချင်းရွာအား PDF များမှ မီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့ လုပ်ကြံသတင်း

စစ်ကောင်စီလော်ဘီ Ko Thet ဆိုတဲ့ Telegram Channel ကနေ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၅နာရီခွဲခန့်မှာ ရွှေဘိုမြို့နယ်မှာ တည်ငြိမ်အေးချမ်းလျက်ရှိနေတဲ့ မြင်းချင်းရွာသို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရောက်ရှိလာပြီး အပြစ်မဲ့ ရွာသူ၊ရွာသားတွေရဲ့ လူနေအိမ်အဆောက်အဦ ၁၆၀ လုံးအား မီးရှို့ဖျက်ဆီးသွား တယ်လို့ လုပ်ကြံသတင်းတစ်ခုကို ဖြန့်ဝေလာတာ တွေ့ရပါတယ်။
အဲ့ဒီ ပို့စ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၁၁ မိနစ်မှာ ဖြန့်ဝေထားခဲ့တာပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ၆ နာရီခွဲအချိန်မှာ Like & react 400 ကျော် ၊ ပြန်နှံ့မှုက ၄၉၀၀၀ ထိရှိနေတာ တွေ့ရပါတယ်။
ကြည့်ရှုရန် – https://archive.ph/4mg7a
အကြောင်းအရာကို စိစစ်ကြည့်ရာမှာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲ အသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။
ဒီသတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်းရဲ့ တပ်ရင်းမှူး ကိုဇေယျာထံ ဆက်သွယ်မေးမြန်းထားချက်နဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးကျောင်းမှ ကား ငါးစီးဖြင့် အင်အားအပြည့်လာရောက်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုတွေ လုပ်ဆောင်ခဲ့ပြိးနောက် ရွာအတွင်းမှာရှိတဲ့ ပစ္စည်းတွေ သယ်ဆောင်တာ၊ ရွာအတွင်း မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂၅ ရက်နေ့ ၁၂ နာရီ၀န်းကျင်ခန့်မှာ စစ်ကောင်စီတပ်သားတွေဟာ မြင်းချင်းရွာအတွင်းမှာရှိတဲ့ ပစ္စည်းတွေ သယ်ဆောင်တာ ၊ ကျေးရွာအတွင်း မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဖတ်ရှုရန်သတင်းအပြည့်အစုံ
CJ Platform – https://archive.ph/YbfUr
Myanmar Defense Force – Shwebo – https://fb.watch/pdakT89-8z/?mibextid=Nif5oz
ဒီအကြောင်းအရာကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့ သတင်း ရေးသားချက်မှာအကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲ အသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားပါတယ်။ သတင်းဖြစ်စဥ် မှန်ကန်ပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက လွဲမှားနေတဲ့ အကြောင်းအရာတွေဖြစ်နေတာ ၊ မသက်ဆိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစားတစ်ခု (False Context) ဖြစ်နေတာကို တွေ့ရပါတယ်။
အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ် ဖော်ပြလိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။
အလွယ်မယုံလိုက်ကြနဲ့နော်။