ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၊ ကျပ်သိန်း ၅၀ ချီးမြှင့်ခံရ

Author မင်းထက်
Categories
Published on Jan 25, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း  ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platformသို့ ပြောသည်။

 

ယမန်နှစ် ၂၀၂၃ ဒီဇင်ဘာ ၁၇ ရက်နေ့က G3 တစ်လက်၊ G3ကျည်ဘောက် ၄ခု၊ ကျည် ၁၅၀ ဖြင့် အလင်း၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ၂၀၂၄ ဇန်န၀ါရီ ၂၃ နေ့မှ သိန်း ၅၀ ကျပ်တိတိ ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

 

“သီးလုံးရွာမှာ တပ်ချထားတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးပါဗျ။ သူ့မိသားစုရော ပါလာတာဗျ ။သူမိသားစုဝင်ရော အပါဝင် လုံခြုံတဲ့နေရာမှာ နေစရာ၊စားစရာ၊အပြည့်ဖြင့် စီမံပေးထားပါတယ်ဗျ။သူက ဝင်ချင်နေတာက ကြာပြီဗျ ဖရဲသီးအနေနဲ့ အတွင်းသတင်းရအောင် အထဲမှာဘဲ နေခိုင်းထားခဲ့တာ တစ်နှစ်ကျော်ဝန်ကျင်းရှိပြီဗျ ” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

အလင်းဝင်လာသည့် ပြည်သူ့စစ်အဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ သူ့ရဲ့ပြောပြချက်အရ သီးလုံးပျူရွာ၏ အတွင်းကိစ္စများကိုလည်း သိခဲ့ရကြောင်း ၊  သူ၏ ပြောပြချက်အရ သီးလုံးပြည်သူစစ်များကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်းကိုလည်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ  စစ်သားများနှင့် ပြည်သူ့စစ်များ အထိုင်ချတပ်စွဲသော စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊  ထို့နောက် ဇန်န၀ါရီလ ၂၂ ရက် နံနက်ပိုင်းတွင် ရွှေဘိုမြို့ပေါ်က ရောက်လာသော စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်   တော်လှန်ရေးတပ်များက ပြန်လည် လက်လွှတ်ခဲ့ရကြောင်း သိရသည်။

 

ဓာတ်ပုံ – ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့