ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီနှင့် ပျူစောထီးများ အထိုင်ချစခန်း အတိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ်ရှိ သီးလုံးကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီများ အထိုင်ချထားသည့် စခန်းအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ ပြောသည်။
နို၀င်ဘာ ၂၅ ရက်နေ့က ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲထားသော တည်းသီးတော၊ ဇီးဖြူကုန်း ကျေးရွာများကို ပြည်သူ့တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်သားများက စခန်းအားစွန့်ခွာထွက်ပြေးသွားကြပြီး သီးလုံးရွာနှင့် ပန်းရံ ရွာရှိ ပျူစောထီးစခန်းများသို့ ပူးပေါင်းသွားကြောင်း ၊ သီးလုံးကျေးရွာ ပျူစောထီးစခန်းအား အင်အားဖြည့်တင်းထားသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ဇီးဖြူကုန်းရွာ တိုက်ခိုက်တော့ အဲ့ဒီကပျူတွေက အော်တိုထွက်ပြေးတာ တိုက်စရာမလိုဘူး၊ အဲ့ထွက်ပြေးတဲ့အချိန်မှာ သူတို့က တခြားပျူရွာကို ရောက်သွားတာ အဲ့ရွာကနေ 81 တွေနဲ့ ပစ်တာတွေရှိတယ်၊ အဲ့လိုပစ်တာကြောင့် မနေ့ညက မစ်ရှင်က သူတို့ကို ဖိအားပေးတဲ့အနေနဲ့ ၆၀ မမတွေနဲ့ ပစ်တဲ့ မစ်ရှင်” ဟု ရွှေဘိုအားမာန်မြို့ပြပြောက်ကြား တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောသည်။
တိုက်ခိုက်မှုအတွင်း ပျူစောထီးနှစ်ဦး ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်မှလည်း ၈၁ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုအားမာန်မြို့ပြပျောက်UG တပ်ဖွဲ့တိုက်နယ် (၂) ညီအကိုများ မဟာမိတ်များဖြစ်ကြသော ရှင်းရှင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မဟူရာကျွဲရိုင်း ၊ အောင်စည်အောင်မောင်း ၊ Hero Brother ၊ ဒေါင်းညီကို တပ်ပေါင်းစုတို့မှ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ယင်းမြို့နယ်အတွင်းရှိ ညောင်ကိုင်း၊ ဇီးဖြူကုန်း၊ တည်သီးတော၊ သီးကုန်းကျေးရွာတို့တွင် တပ်စွဲထားသော ပျူစောထီးတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။