ရွှေဘိုမြို့တွင် စစ်ကောင်စီနှင့် ပျူစောထီးများက စိတ်ဝေဒနာရှင်တစ်ဦးအပါအဝင် ပြည်သူ ၅ ဦးကို သတ်ဖြတ်သွား

Author မွန်လေး
Categories
Published on Dec 05, 2022

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးများက အရပ်သား ပြည်သူ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ ငါးဦးထဲတွင် စိတ်ဝေဒနာရှင်တစ်ဦးပါ၀င်ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် ပျူစောထီး တပ်များသည် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် နို၀င်ဘာ ၂၉ ရက်မှ စတင်ပြီး ရွှေဘိုမြို့နယ် အနောက်ဘက် ညောင်ပင်သာယာရွာစိုက် သိပ္ပံကျောင်းမှ လမ်းတလျှောက် အပြစ်မဲ့ အရပ်သားပြည်သူ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆင်အင်းကျေးရွာမှ အရပ်သား ငါးဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆင်အင်းကျေးရွာမှ အသတ်ခံရသူများသည် ကိုစည်သူ၊ ကိုဆွေဦး၊ ကိုထွန်းမင်း၊ ကိုမောင်လွင် နှင့် ဒေါ်သန်းမြတို့ဖြစ်ပြီး ဒေါ်သန်းမြသည် စိတ်ဝေဒနာခံစားရနေသူဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီနှင့် ပျူစောထီးတပ်များသည် နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ရွှေဘိုမြို့နယ်အတွင်းရှိ ရွာများမီးရှို့ဖျက်ဆီးမှုများသည် ဘိုတဲကုန်းရွာတွင် ၃၁ အိမ်၊ ကျီးကန်ရွာတွင် အိမ် ၂၀၊ ကံသာကုန်းရွာတွင် ၅၃ အိမ်၊ အင်ကြင်းပင်ရွာတွင် ၂၁ အိမ်၊ ဗျိုင်းကြိုင်ရွာတွင် ၉အိမ်၊ သပွတ်တောရွာ အရှေ့၊ အနောက် ၃၅ အိမ်နှင့် ထညင်ကုန်းရွာတွင် ၁၂ အိမ် စုစုစု ပေါင်း လူနေအိမ် ၁၈၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ခြောက်ရန်ခန့် ရွှေဘိုမြို့နယ်ရှိ ရွာများကို မီးလိုက်ရှို့ပြီးနောက် ဒီဇင်ဘာ ၄ ရက်တွင် ထညင်းကုန်းရွာမှ ဆင်အင်းကျေးရွာသို့ ပြန်လည်၀င်ရောက်ကာအထိုင်ချထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- ရွှေဘိုမြို့နယ်သတင်းမှန်ပြန်ကြားရေး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရွှေဘိုမြို့