ရွှေဘိုမြို့တွင်း စစ်ကောင်စီအထိုင်တပ်ကို တိုက်ခိုက်၊ ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

Author မင်းထက်
Categories
Published on Oct 30, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင်းက စစ်ကောင်စီအထိုင်တပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က လျှပ်တပြက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စိုင်နိုင်တိုက်နယ် သိဒ္ဓိရှင်ပြည်သူ့ကာကွယ်အဖွဲ့ (ပ.က.ဖ)တာဝန်ခံ ဗိုလ်သိဒ္ဓိက CJ Platform သို့ ပြောသည်။

 

ယမန်‌နေ့ အောက်တိုဘာလ ၂၉ နေ့ ည ၈ နာရီမှစ၍ ၁၅ မိနစ်ခန့်ကြာ ဗုံးသီး၊ လက်နက်ငယ်များဖြင့် ရွှေဘိုမြို့၊  အ.ထ.က(၂)ကျောင်းအနီး၊ ပညာရေးမှူးရုံးဝန်းကျင်ရှိ အထိုင်တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအင်အားစုများမှ လျှပ်တပြက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ရွှေဘိုမြို့ပေါ်မှာ တပ်စွဲနေတာကြာပြီ။ သွားရောက်တိုက်ခိုက်တော့ သူတို့ဘက်ကလည်း လက်နက်ငယ်နဲ့ ရမ်းပစ်တယ်။ နောက်ပြီး ရွှေဘိုတောင်ဘက်မုဒ်ဦးက စကစတွေက လက်နက်ကြီးနဲ့ပစ်တယ်” ဟု တာဝန်ခံ ဗိုလ်သိဒ္ဓိက ပြောသည်။

 

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူနှစ်ဦးသေဆုံးနိုင်ခြေများကြောင်း ၎င်းက ဆိုသည်။

 

၎င်းသေဆုံးသွားသူ ၅ ဦးတွင် ထောင်ပိုင်တစ်ဦးပါသွားကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ စိုင်နိုင်တိုက်နယ် သိဒ္ဓိရှင်ပြည်သူ့ကာကွယ်အဖွဲ့က အတည်ပြုထုတ်ပြန်သည်။

 

ထိုပြောက်ကျားတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့  နှင့် ရွှေဘိုကျားကြီးအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။