ရွှေဘိုတွင် PDFများထောင်ထားသည့် မိုင်းပေါ်ကင်းပုန်းဝတ်မိသည့် စစ်ကောင်စီတပ်သားများ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Dec 05, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ထောင်ထားသော မိုင်းပေါ် ကင်းပုန်းယူနေသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း War Lord Defense Force ShweBO PDF တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၃) ရက်နေ့ ည (၁၁) နာရီ (၄၅) မိနစ်ခန့်တွင် စစ်ကောင်စီတပ်သား အင်အား (၅၀) ခန့်ပါ သံပြားကား သုံးစီးသည် ရွှေဘို-ဆိပ်ခွန်လမ်းအထွက် ဆုတောင်းပြည့်ဘုရားတွင် ရပ်တန့်ပြီးနောက် ယင်းဘုရားအနောက်ဘက်ရှိ “မိုးသောက်” လက်ဘက်ရည်ဆိုင်ဘက်သို့ ခြေလျင်ခရီးဖြင့် အင်အား ၂၅ ဦးခန့် လာရောက်ကာ ရှေ့ပြေးကင်းပုန်းယူခဲ့ကြောင်း သိရသည်။

 

ထိုရှေ့ပြေးကင်းပုန်းများထဲမှ  စစ်သား လေးဦးသည် ဒေသကာကွယ်ရေးတပ်များ အသင့်ထောင်ထားသော မိုင်းတည့်တည့်ပေါ်သို့ ကင်းပုန်းယူနေစဉ် မိုင်းဆွဲတိုက်ခိုက်လိုက်သဖြင့် စစ်သားနှစ်ဦးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အထိနာခဲ့သော စစ်ကောင်စီတပ်သားများက နာရီ၀က်ခန့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး စစ်သားအလောင်းများနှင့် ဒဏ်ရာရစစ်သားများကို လာရောက်ကောက်ယူသွားခဲ့ကြောင်း သိရသည်။

 

“ရမ်းသမ်းပစ်ခတ်ပြီးချိန်မှာ ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ ဒီကောင်တွေက ရွှေဘိုမြို့လေ့ကျင့်ရေး (၈) ကလာတာပါဗျ ” ဟု  ရွှေဘို PDF တာ၀န်ရှိသူက ဆိုသည်။

 

ထိုတိုက်ခိုက်မှုကို War Lord Defense Force ShweBO PDF နှင့် သိင်္ခအားမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – Google