ရွှေဘိုတွင် လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

Author မင်းထက်
Categories
Published on Mar 26, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံပျူကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ခွင့်ရပြည်သူ့စစ်(ပျူစောထီး)များ အစည်းဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုအတွင်း ပျူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်(ပျူ)များ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရ၍ တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ မတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

“Fix Wings ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ​။ နက်တူးနဲ့ သူ့နောက်လိုက်တစ်ကောင် ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ပန်းရံနှင့် သီလုံးကျေးရွာမှ ပျူများသည် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်၍ တော်လှန်ရေးတပ်ဖွဲ့များကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ မဟာမိတ်များဖြစ်သော Buffalo Soldiers Freedom Force(BGS)၊ X Force LPDF (Shwebo)၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိင်္ခအားမာန်၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ) ရွှေဘိုမြို့နယ်တိုက်နယ်(၂)တပ်ပေါင်းစုများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

 

စစ်ဆင်ရေးအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ရွှေဘိုမြို့နယ်ရှိ မြင်းချင်းပျူရွာနှင့် ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်စခန်းမှ အင်အား ၇၀ ခန့်ပါစစ်ကြောင်းသည် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဆိပ်ခွန်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းသို့ ရိက္ခာလာပို့စဉ် ထိုစစ်ကြောင်းနှင့် ဆိပ်ခွန်အထိုင်စခန်းတို့ကို Fix Wings ဒရုန်းများအသုံးပြုကာ ဗုံးသီးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်သို့ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးခဲ့ကြောင်း  နယ်စည်းမခြားရွှေဘိုသား(Local PDF)အဖွဲ့ထံမှ သိရသည်။