ရွှေဘိုတွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကာ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရမိ

Author လင်းခိုင်
Categories
Published on Jan 13, 2023

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း တစ်နေရာတွင် စစ်ကား ၂ စီးကို ဒေသခံ PDF များက မိုင်းဆွဲ တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးထက် မနည်း သေဆုံးခဲ့ကာ၊ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း Black Wolf-Army က ဇန်နဝါရီ ၁၂ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်၏ ၁၂ ဘီးကား ၂စီးကို ဒေသခံ PDF များ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကို တပ်တွင်း ကနေ သတင်းပေးပို့လာတယ်။ ဖရဲသီးသတင်းအရ သူတို့လာမယ့်လမ်းကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” ဟု Black Wolf-Army မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦး ထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီကား ၂ စီးအနက် တစ်စီးသည် လုံး၀ထိုးရပ်သွားပြီး ကျန်တစ်စီးသည် မောင်းနှင်ထွက်ပြေးသွားကြောင်း၊ ထိုးရပ်သွားသည့် ကားအား PDF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေးရာ စစ်အခြေခံ သင်တန်းကျောင်း တံဆိပ်ပါ ယူနီဖောင်း ၃စုံ၊ စစ်ကျောပိုးအိတ် ၁ လုံး၊ တံဆိပ်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ဖမ်းဆီးရမိခဲ့သည့် ၁၂ ဘီးကားကို ဒေသခံ PDF များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်းသိရသည်။

ဓာတ်ပုံ- Black Wolf-Army
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #စစ်ကောင်စီယာဉ်တန်း #မိုင်းထိ