ရွှေပြည်သာ ဝါးတရာစက်မှုဇုန်ရှိ စက္ကူစက်ရုံမီးလောင်

Author ကိုထားဝယ်
Categories
Published on Mar 05, 2024

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းရှိ ရာစုသစ်စက္ကူစက်ရုံဝန်းအတွင်း ယနေ့(မတ်လ ၅ ရက်) မွန်းတည့် ၁၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

“မီးသတ်ကားတွေတော့ သွားတာအများကြီးပဲ။ မီးတော့ တော်တော်များတယ်။ လူထိခိုက်တာတွေတော့ မရှိဘူး” ဟု ရွှေပြည်သာ မြို့ခံတစ်ဦးက ပြောသည်။

ရာစုသစ်စက္ကူစက်ရုံဝန်းအတွင်း စုပုံထားသော ကတ်ထူစက္ကူပုံးအဟောင်းများ မီးလောင်ခြင်းဖြစ်ကြောင်း ရွှေပြည်သာမြို့ခံများက ဆိုသည်။

 

မွန်းတည့် ၁၂ နာရီ ၂၉ မိနစ်တွင် စတင်လောင်ကျွမ်းသည့်မီးကို နေ့လယ် ၁ နာရီ ၂၈ အထိငြှိမ်းသတ်ခဲ့ရပြီး ထိုမီးလောင်မှုသို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန(MFSD)က ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမားမရှိခဲ့ဘဲ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲံသည့်အတွက် စက္ကူပုံးအဟောင်းများသာ ဆုံးရှုံးခဲ့ကြောင်း ယင်းစက်ရုံနှင့်နီးစပ်သူများထံမှ သိရသည်။

ယခုရက်ပိုင်း ရွှေပြည်သာမြို့နယ်အတွင်း အသေးစားမီးလောင်မှုများ မကြာခဏဖြစ်ပွားနေပြီး သတိထားနေထိုင်နေရကြောင်း ရွှေပြည်သာမြို့ခံများက ဆိုသည်။