ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်

Author အောင်နိုင်သူ
Categories
Published on Sep 27, 2022
ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုဖြစ်စဉ် ပုံအဟောင်း

ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ ညပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိသည်ဟု မြို့ခံတွေဆီက သိရသည်။
ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက် စက်မှုလမ်းနှင့်မကွေးလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်မှူး ရုံးအနီးတွင် ယမန်နေ့ည ရှစ်နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ဗုံးကနှစ်ကြိမ်ပေါက်တာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ပန်းခြံဘက်မှာ ပေါက်တာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ပြောတယ် စစ်ကားတွေရော ရဲကားတွေပါရောက်လာတယ်”ဟု ရှင်းပြသည်။
ရွှေပြည်သာမြို့နယ် ပန်းခြံအနီး စစ်ကောင်စီတပ်များစီးလာသည့် ကားအနီးတွင်လည်း ယမန်နေ့ည ရှစ်နာရီကျော်က ဗုံးပေါက်ကွဲခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကျေးအဖွဲ့ဝင်တွေကို CDM လုပ်ဖို့ အသိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သည်ဟု YUGA ( MO_7 Eagle ) အဖွဲ့မှ ထုတ်ပြန်ကြေညာထား သည်။
ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၆ ရက်နေ့အထိ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ၃၈ကြိမ်ဖြစ်ခဲ့ပြီး ၁၀ ဦးသေဆုံးခဲ့ပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့သည်။
ပုံစာညွှန်း- ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုဖြစ်စဉ် ပုံအဟောင်း