ရွှေပြည်သာမြို့နယ်ရှိ စစ်တပ်ပိုင် အာမီရမ်စက်ရုံ မီးလောင် ဝန်ထမ်းတစ်ဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Nov 23, 2022

ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ရှိ စစ်ကောင်စီတပ်ပိုင် အာမီရမ်စက်ရုံ ယနေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်တပ်ပိုင် အာမီရမ်စက်ရုံမှာ ယနေ့ နေ့လည် ၂ နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာ ရွှေပြည်သာမီးသတ်တပ်ဖွဲ့စခန်းနှင့် ပရဟိတအဖွဲ့တွေက မီးငြိမ်းသတ်ခဲ့ရသည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကံကောင်းတာ အသိမြန်လို့ ၁၅ မိနစ်လောက်နဲ့ မီးငြိမ်းနိူင်တာ ဒါပေမဲ့ အရက်တွေဆိုတော့ ဆုံးရှုံးမှုများတယ် ဝန်ထမ်းတစ်ဦးလည်း ဒဏ်ရာရတယ်”ဟု ပြောသည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်၊ ရဲနှင့် မီးသတ်များ အင်အားများပြားစွာရောက်ရှိနေပြီး မီးလောင်မှုဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေသည်ဟု အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်ကတော့ သူစက်ရုံဆိုတော့ စစ်မှာပဲ မီးသတ်တွေလည်းအခုချိန်ထိ စစ်နေတယ် ဆုံးရှုံးမှုများမယ် သတင်းကို ဖုံးထားတာ”ဟု ပြောသည်။

မီးလောင်ရာတွင် ဒဏ်ရာရရှိခဲ့သူ အမျိုးသားဝန်ထမ်းကို ရွှေပြည်သာဆေးရုံသို့ ပရဟိတအဖွဲ့များက ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်က စောင့်ကြည့်နေသည်ဟု မြို့ခံတွေ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအခြေအနေတွင် အဆိုပါ အာမီရမ် အရက်ချက်စက်ရုံအနီးတွင် စစ်ကောင်စီတပ်သားအချို့ကို စောင့်ကြည့်လုံခြုံရေးအဖြစ် ချထားကြောင်း မြို့ခံတွေဆီက သိရသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရွှေပြည်သာ #စက်မှုဇုံ #အရက်ချက်စက်ရုံ