ရွှေပြည်သာက လူပျောက်ကြော်ငြာ ဖုန်းနံပါတ်နံပါတ်မှတစ်ဆင့် ငွေညှစ်

Published on Oct 13, 2023

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် လူမှုကွန်ရက်များမှတစ်ဆင့် လူပျောက်ကြောင်းကြော်ငြာအတွင်းမှ ဖုန်းနံပါတ်များမှတစ်ဆင့် ​ခြိမ်းခြောက်ငွေညှစ်တောင်းခံမှုများရှိနေကြောင်း လူပျောက်မိသားစုများနှင့်နီးစပ်သူများထံမှ သိရသည်။

” ခင်ဗျားတို့လူကို စစ်တပ်က ခေါ်ထားတယ်။ လူကို ပြန်လိုချင်ရင် ပိုက်ဆံအရင်လွှဲပေး ” ဟု အမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေသည့်မိသားစုနှင့်နီးစပ်သူ ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် လွန်ခဲ့သောလအတွင်းက စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးပျောက်ဆုံးနေ၍ လူမှုကွန်ရက်တွင် လူပျောက်ကြော်ငြာတင်ထားသည့် မိသားစုဝင်တစ်ဦး၏ ဖုန်းသို့ လိမ်လည်သူများက ဆက်သွယ်ငွေညှစ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရဲတိုင်တော့လည်း ရဲက သေသေချာချာမလုပ်​ပေးပါဘူး။ အမှုလက်ခံပြီး ပြန်လွှတ်လိုက်တာပဲ။ အခုထိလည်း ရဲက ဆက်သွယ်လာတယ်လို့မကြားမိဘူး” ဟု လူပျောက်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်သော ရွှေပြည်သာမြို့နယ်အတွင်း ယခုနှစ်အတွင်း လူများမကြာခဏ ပျောက်သည်ဟူသော ကြော်ငြာများ လူမှုကွန်ရက်များတွင်တွေ့မြင်နေရပြီး ထိုအထဲ ၁၈ နှစ်မပြည့်သေးသူ လူငယ်အများအပြားနှင့် စိတ်ကျန်းမာရေးချို့တဲ့သူများပျောက်ဆုံးကြောင်းကြော်ငြာများကို အများဆုံးမြင်တွေ့နေရကြောင်း မြို့ခံများက ပြောသည်။

သို့သော် ထိုသူတို့ကို ပြန်လည်တွေ့ရှိပြီဆိုသည့်သတင်းများကို အနည်းငယ်သာ မြင်တွေ့ရလေ့ရှိပြီး အများစုမှာ ပျောက်ဆုံးနေကြဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။