ရွှေစျေးနှုန်း မတည်ငြိမ်မှုကြောင့် ဆိုင်ကြီးများ အများစု ရောင်းအဝယ်များ ရပ်နားထား

Author နီနီ
Categories
Published on Sep 02, 2022

မြန်မာနိုင်ငံ၌ ရွှေဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ရာ သိန်း ၃၀ ကျော်သည်အထိ ရှိလာခဲ့ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်များ ရပ်နားထားရကြောင်း ရွှေလုပ်ငန်းရှင်များကဆိုကြသည်။

ပြည်တွင်း၌ ရွှေဈေးနှုန်းများမြင့်တက်လာခြင်းမှာ သြဂုတ်လအတွင်း အဆိုးရွားဆုံးအခြေအနေသို ရောက်ရှိလာခဲ့ပြီး ၁၆ ပဲရည်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းအထိ မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။

ထိုကဲ့သို ရွှေဈေးမြင့်တက်နေသည်မှာ အဝယ်လိုက်နေခြင်းကြောင့်ဖြစ်ပြီး ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့်လည်း ရွှေဈေးမှာ အဆမတန်မြင့်တက်နေ့ရခြင်းဖြစ်ကာ အရောင်းအဝယ်မှာတော့ ရပ်ထားရတဲ့ အခြေအနေတွင်ရှိကြောင်း ရွှေကုန်သည်တစ်ဦးကပြောသည်။

“ရွှေဈေးက လိုက်ဝယ်နေကြလိုတက်တာ၊ တကယ်က အဲ့လောက်အမြင့်ဈေးနဲ့ အရောင်းအဝယ် မလုပ်နိုင်ဘူးလေ ၊ ဈေးမြင့်လာလေ ရွှေသမားတွေကြောက်လေပဲ၊ ဘယ်ချိန်ဖမ်းမလဲ ဆိုတာ မပြောနိုင်ဘူးလေ အဲ့တော့အရောင်းအဝယ် ရပ်လိုက်တာပေါ့”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယနေ့ စက်တင်ဘာ ၂ ရက်၏ ရွှေပေါက်ဈေးမှာ ၃မျိုးခန့်ရှိနေပြီး အွန်လိုင်းပေါ်၌ ပျံ့နှံနေသည့် ပြင်ပပေါက်ဈေးသည် ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၃၀ ကျော်တွင်ရှိနေပြီး ရွှေဆိုင်ကြီးများ၏ ကြေညာထားသည့် ဈေးမှာ ကျပ် ၂၇ သိန်းနှင့် ၂၉ သိန်းကြား သာရှိပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်မှာတော့ ရွှေတစ်ကျပ်သားလျှင် ၁၉ သိန်းကျော်သာ ပေါက်ဈေးရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလျက်ရှိသော်လည်း ပြည်တွင်းရွှေဈေးမြင့်တက်နေရခြင်းမှာ ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့်ဖြစ်ပြီး ဒေါ်လာဈေး မြင့်တက်နေခြင်းအား ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေခြင်း၌ပင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်ထိ ပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။

ယနေ့မှာတော့ ဒေါ်လာလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိလာခဲ့ပြီး ကျဆင်းလာသည်ဟု ဆိုနိုင်သည့် ဈေးတန်းသိုပင် မရောက်ရှိသေးပေ။
#ရွှေစျေးနှုန်း #အရောင်းအဝယ်ပျက် #စျေးနှုန်းမတည်ငြိမ်