ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး
ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုအား KNLA နှင့် BPLA တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၁၂ ရက် ယနေ့တွင် သွားရောက်ရှင်းလင်းရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားခဲ့ကြကြောင်း BPLA ထံမှ သိရသည်။
ရွှေကျင်မြို့နယ် ကွန်ဖဲ့ကျေးရွာအနီးရှိ အဆိုပါ စစ်ကောင်စီစခန်းအား စစ်ကောင်စီတပ်သားများ ထပ်မံ ရောက်ရှိလာသည့် သတင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ရှင်းလင်းရန် သွားရောက်ခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
” ကျွန်တော်တို့အနေနဲ့ ဒီစခန်းက အရင်တည်းက ရန်သူတွေရှိတာရော၊ ထပ်ရောက်လာတာကြောင့်ရောကြောင့် တိုက်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ ရန်သူက စခန်းကုန်းမှာမရှိတော့ပါဘူး ” ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းမှ CJ Platform သို့ ပြောသည်။
စစ်ကောင်စီတပ်သားများ စခန်းစွန်းခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်စခန်းအတွင်း နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ၊ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆောက်အဦးနှင့် ဘန်ကာတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရိက္ခာနှင့် စခန်းကုန်းကိုသာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆိုသည်။
အဆိုပါ စခန်းကုန်းမှ အသုံးအဆောင်ပစ္စည်းများ ရိက္ခာများ၊ စက်ပစ္စည်းများအားသိမ်းဆည်းရရှိခဲ့ပြီး ဆန်၊ဆီ၊ဆား စားသောက်ကုန်များအား ပြည်သူများထံ ပေးအပ်ခဲ့ကြောင်းလည်း သိရှိရသည်။