ရွှေကျင်တွင် စစ်ကောင်စီ ပူး‌ပေါင်းတပ်က အရပ်သား(၂)ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လမ်းဘေးတွင် အလောင်းစွန့်ပစ်

Author လင်းနွေဦး
Categories
Published on Dec 06, 2023

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီပူး‌ပေါင်းတပ်က အရပ်သားပြည်သူနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်၍လမ်းဘေး‌တွင် အလောင်းများစွန့်ပစ်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ကရင်အမျိိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းရှိ ယာလာဘွားကျေးရွာအုပ်စု၊ မယ်ဝါးခီးကျေးရွာနေ အသက် (၅၇)နှစ်အရွယ်နှင့် အသက် (၂၉)နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ကို စစ်ကောင်စီလက်အောက်ခံ ခမရ-၃၅၁၊ ခမရ- ၃၄၉ ၊ ခမရ- ၅၈၉ ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ (၃)ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ်ခန့်က အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ တစ်လအတွင်း ဆောထိ(ရွှေကျင်)မြို့နယ်တွင် စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်မှု ၂၅ ကြိမ်တွင် (၈၆)လုံးပစ်ခတ်ခဲ့‌သည့်အပြင် လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ်၊ ကျေးရွာများအတွင်း ငွေညှစ်ခြိမ်းခြောက်မှု တစ်ကြိမ်၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း (၂)ကြိမ်တို့ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

 

ထို့ကြောင့် အရပ်သားပြည်သူ(၂)ဦး သေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိ၍ နေအိမ်(၁၃)လုံးထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား သုံးသောင်းနီး‌ပါး ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု KNU က ဆိုထားသည်။

 

ဓာတ်ပုံ-KNU