ရွေဘိုထောင်တွင် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသားများ အောက်ပိုင်းချိနဲ့သည့် ရောဂါခံစားနေရ

Author ဂျွန်နသန်
Categories
Published on Mar 11, 2024

စစ်ကိုင်းတိုင်း၊ ရွေဘိုအကျဉ်းထောင်တွင် မတရားအကျဉ်းချခံ နိုင်ငံရေးအကျဉ်းသား ငါးဦးအပါအဝင် အကျဉ်းသားများ ခါးအောက်ပိုင်းချိနဲ့သည့်ရောဂါဝေဒနာများခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင်ထံမှ သိရသည်။

 

အဆိုပါ ရောဂါမှာထောင်များတွင် ဖြစ်လေ့ဖြစ်ထရှိပြီး တစ်လလျှင် ငါးဦးနှုန်းခန့် ဖြစ်ပွားကြောင်း PPNM ထံမှ သိရသည်။

 

အကျဉ်းထောင်များအတွင်း ကျန်းမာရေးနှင့်ညီညွတ်စွာ မနေထိုင်ရခြင်း၊ လူဦးရေထူထပ်စွာ နေထိုင်ရခြင်း၊ ကိုယ်လက်လှုပ်ရှား သွားလာစရာနည်းပါးခြင်းနှင့် အကျဉ်းထောင်မှ ကျွေးသော အစားအစာများထဲတွင် ဗီတာမင်ပါဝင်မှုနည်းပါးပြီး ကျန်းမာရေးနှင့် မညီညွှတ်ခြင်းတို့ကြောင့် ဗီတာမင်ဓာတ်ချို့တဲ့သည့်ရောဂါလက္ခဏာတစ်ခုဖြစ်ကြောင်း PPNM က ဆိုသည်။

 

“အဓိကကတော့ အကျဉ်းထောင်တွေမှာ အခြေခံစားသောက်နေထိုင်ရေး ပြည့်ပြည့်ဝဝမရရှိတဲ့အခါကျတော့ အဲဒီအပေါ်မှာ ဖြစ်တယ်လို့မြင်တယ်။ ကိုယ်ခံအားကျပြီး အောက်ပိုင်းတွေပျော့လာတာမျိုးပေါ့။ အဓိကကတော့ ဗီတာမင်ဓာတ်ချို့တဲ့တဲ့ဒဏ်ကိုခံစားနေရတာပဲ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform သို့ ပြောသည်။

 

အဆိုပါ ခါးအောက်ပိုင်းချိနဲ့လာသည့်ရောဂါကို အကျဉ်းထောင်များတွင် တုတ်ဆွဲသည်ဟုခေါ်ဝေါ်ပြီး ခါးအောက်ပိုင်းရုတ်တရက်သေခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်းများ ပျော့လာခြင်း၊ လမ်းလျှောက်မရတော့ခြင်း၊ ပြန်လည်လျှောက်၍ရပါကလည်း ထော့နင်းထော့နင်းဖြင့်သာ လျှောက်ရခြင်း စသည့်ရောဂါလက္ခဏာများဖြစ်‌ကာ သုံးလခန့်အထိ ခံစားရလေ့ရှိကြောင်း၊ ယခုအခါ လူငယ်များပင် ယင်းရောဂါ ဖြစ်ပွားလာနေပြီဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ကို ဆန့်ကျင်သူအများအပြားကို မတရားဖမ်းဆီးထောင်ချထားခြင်းကြောင့် အကျဉ်းထောင်များတွင် တစ်ခန်းလျှင် လူဦးရေများစွာ ပြွတ်သိပ်နေထိုင်ရပြီး ဆေးဝါးကုသမှုလုံလောက်စွာမရရှိသဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား(၁၇)ဦးအထိရှိခဲ့ကြောင်း PPNM ထံမှ သိရသည်။