ရွာငံက စစ်ကောင်စီ ဗထူးအထူးတပ် သင်တန်းဆင်း ပျူခေါင်းဆောင် ပစ်ခတ်ခံရပြီးနောက် သေဆုံး

Author မင်းထက်
Categories
Published on Jan 11, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်အတွင်း ပျူစောထီးများကို စစ်သင်တန်းပေးနေသော စစ်ကောင်စီ ‌ဗထူးအထူးတပ် သင်တန်းဆင်း ပျူစောထီး ခေါင်းဆောင် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားကြောင်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့သော Ywangan PDF(JPRF)မှ တာဝန်ခံ ကို Julip 7 က CJ Platform သို့ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာနေ ပျူစောထီး ခေါင်းဆောင် ဦးကျော်မဲသည် ၎င်းနေအိမ်သို့ ပြန်လာစဉ် တော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

၎င်းသည် စစ်ကောင်စီ၏ တပ်မ ၅၅ စစ်ကြောင်းများတွင် စစ်ယူနီဖောင်းဝတ်ဖြင့် လိုက်ပါခွင့်ရနေသူတစ်ဦးဖြစ်ပြီး ရပ်စောက်မြို့ စစ်တပ်၏ ဗထူးအထူးတပ် အမှတ် (၅၀၉)တပ်ရင်းမှ စစ်သင်တန်း ဆင်းလာသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဦးကျော်မဲသည် ပျူစောထီးများကို စစ်ရေးသင်တန်းပေးနေသကဲ့သို့ ကျေးရွာများတွင် ပျူစောထီးများ စုဆောင်းပေးနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

စစ်တပ် စစ်ကြောင်းထိုးလျှင် လမ်းပြအဖြစ် ဆောင်ရွက်ပေးကာ PDF များ၏ နေအိမ်များကို ညွှန်ပြခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသောပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း ဒေသခံပြည်သူများ၏ အဆိုအရ သိရသည်။

 

ထို့ကြောင့် တောင်ကြားကျေးရွာမှ အရပ်သားပြည်သူများသည် ၎င်း၏ လုပ်ရပ်ကို မနှစ်သက်ကြောင်း ဆိုကြသည်။

 

ပျူစောထီးခေါင်းဆောင် ဦးကျော်မဲကို Ywangan PDF-(JPRF)နှင့် တပ်ခွဲ (၃) မှော်ဘုရင်စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် စစ်ယူနီဖောင်း၊ AK ကျည် ၁၀  တောင့်၊ လက်ပစ်ဗုံး နှစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း JPRF တာဝန်ခံက ပြောသည်။

 

“စကစတွေအနေနဲ့က အားကိုးရတဲ့လူတစ်ယောက် ဆုံရှုံးသွားပြီဆိုတော့ သူတို့အနေနဲ့ နည်းနည်းတော့ ထိတ်လန့်နေလောက်မယ်ထင်တယ်။ အရင်ဆို အဲဒီလိုသတင်းကြားရင် ချက်ချင်းလာပြီး အမိန့်လာပြန်ပေးတာတွေ၊ လုံခြုံရေးယူပေးတာတွေရှိပေမဲ့ အခုချိန်တော့ သူတို့ဘာမှတောင် မလုပ်ဘူး။ အဲဒီဘက်နယ်မြေကိုလည်း မလာကြဘူး” ဟု Ywangan PDF(JPRF) တာဝန်ခံ ကို Julip7 က ပြောသည်။

 

Ywangan PDF(JPRF) အနေဖြင့် ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံးခိုလှုံကြရန်၊ ၎င်းအဖွဲ့ထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံနိုင်ကြောင်း ယနေ့ ဇန်န၀ါရီလ ၁၁ နေ့တွင် ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – Ywangan PDF(JPRF)