ရေးမြို့ရှိ စစ်ကောင်စီ အမြှောက်တပ်ကို ရေးဘီးလူးအဖွဲ့မှ လက်နက်ကြီးဖြင့် တိုက်ခိုက်

Author မွန်လေး
Categories
Published on Dec 16, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ အမြှောက်တပ်ကို ရေးဘီးလူးအဖွဲ့မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ ခေါင်းဆောင်က CJ Platform သို့ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၆) နံနက် ၉ နာရီခွဲခန့်တွင် ရေးမြို့နယ်ရှိ အမြှောက်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

ရေးဘီးလူးအဖွဲ့မှ ယခုကဲ့သို့ တိုက်ခိုက်ရာတွင် လက်နက်ငယ်အသုံးမပြုခဲ့ဘဲ ၄၀ မမ များဖြင့်သာ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ရေးမြို့နယ်အနီးက အမြှောက်တပ်ကို 79-40 mm နဲ့ပစ်တယ်။ သူတို့ဘက်က ထိခိုက်မှုတော့ များမယ်။ သူတို့ဘက်ကနေပြီး ၁၅ မိနစ် ၊ မိနစ် ၂၀ လောက်ပြန်ပစ်တယ်။ ကျွန်တော်တို့တွေ အထိအခိုက်မရှိဘဲ နေရပ်ကို ပြန်ဆုတ်ခွာနိုင်ခဲ့တယ်။ ကျွန်တော်တို့ လက်နက်ငယ်မသုံးပဲ လက်နက်ကြီးနဲ့သာပစ်ခတ်ခဲ့တာဖြစ်တယ်” ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ရေးဘီးလူးအဖွဲ့သည် နို၀င်ဘာ ၂၃ ရက်တွင် ရေးမြို့မရဲစခန်းမှူးနှင့်အဖွဲ့ စီးနင်းလာသည့် ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ အဆိုပါတိုက်ခိုက်မှုကြောင့် ရဲစခန်းမှူးအပါအ၀င် သုံးဦးသေဆုံးခဲ့ကာ M-16 တစ်လက်၊ ခြောက်လုံးပြူးတစ်လက်နှင့် ကျည်ဆံအများအပြား သိမ်းဆည်းရမိခဲ့သည်။
ဓာတ်ပုံ-ရေးဘီလူး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မွန်ပြည်နယ် #ရေးမြို့ #ရေးဘီလူး