ရေဦး- ဒီပဲယင်းကားလမ်းကြောပေါ်တွင် စစ်ကောင်စီတပ်ဆွဲလျက်ရှိ၊ စစ်ရှောင်ပြည်သူ တစ်သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

Author CJ Platform
Categories
Published on Nov 18, 2023

စစ်ကိုင်းတိုင်း ၊ ရေဦး- ဒီပဲယင်း ကားလမ်းပေါ်ရှိ မုတ်စီရွာနဲ့ မူးဆုံတွင် စစ်ကောင်စီတပ်မှ အထိုင်ချတပ်စွဲထားသောကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၀ရွာကျော်မှ  ပြည်သူတစ်သောင်းကျော်သည် ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြပြီး လူသားစာနာမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က CJ Platform  သို့ပြောသည်။

 

ရေဦး-ဒီပဲယင်းကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများမှ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ကာ ယနေ့ လက်ရှိအချိန်အထိ ၉ ရက်မြောက် မုတ်စီရွာနဲ့ မူးဆုံတို့တွင် ဘန်ကာများ ဆောက်လုပ်ခြင်း ၊ ကတုတ်ကျင်းတူးခြင်းများ ပြုလုပ်ကာ အခိုင်အမာ အထိုင်ချ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

 

“ပြည်သူတွေလုံခြုံဖို့အတွက် တော်လှန်ရေးအင်အားစုတွေကလဲ ရေဦး-ဒီပဲယင်းကားလမ်းပိုင်းကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်”ဟု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်ကပြောသည်။

 

၄င်းစစ်ကြောင်းသည် နိုဝင်ဘာ ၁၀ရက်နေ့ကတည်းကပင် ဒီပဲယင်းမှ ထွက်လာကာ ရေးဦးနှင့် ဒီပဲယင်းအကြားတွင် ယနေ့တိုင် အထိုင်ချထားကြောင်း၊ ဒီပဲယင်းမြို့ပေါ်မှ  Non-CDM ဝန်ထမ်းများနှင့် မိသားစုများကို ရေဦးမြို့ပေါ်သို့ နို၀င်ဘာ ၁၁ ရက်နေ့မှစပြီး အခုကားလမ်းပိုင်းကို အသုံးပြုကာ ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း ဆက်လက်ပြောကြားသည်။

 

ထိုသို့ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုး၀င်ရောက်ကာ ယနေ့တိုင် ၉ ရက်မြောက် တပ်စွဲထားမှုကြောင့် အနီးဝန်းကျင်ကျေးရွာများဖြစ်ကြသော  မစိုးရိမ် ၊ အောင်သာ ၊ မူးဆုံ ၊ မုတ်စီ ၊ ရွာမိဿာ ၊ ငြုတ္တုံ ၊ ကုန်းကြီး ၊  ကုန်းတန်း၊ နှောကုန်း ၊ဇဝ စသည့်ကျေးရွာများမှ စစ်ရှောင်ပြည်သူပေါင်း တစ်သောင်းကျော်သည် ယနေ့အချိန်အထိ ဘေးလွတ်ရာ၌ တိမ်းရှောင်နေကြရဆဲဖြစ်​​ပြီး စားနပ်ရိက္ခာ ပြတ်လတ်မှုအတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

“မိုးကလည်းရွာ ဆောင်းလည်းဝင်ပီဆိုတော့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး စိုးရိမ်ရတယ်၊ အဓိကလိုအပ်တာ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ငါးခြောက်၊ ပဲ၊  အနွေးထည် စောင်တို့ကအစ လိုအပ်တယ်။ သက်ကြီးရွယ်အိုတွေလည်း မိုးကာလေးတွေမိုးပြီး လှည်းနွားတွေနဲ့ နေထိုင်နေကြရတယ် တချို့က ဘုန်းကြီးကျောင်းတွေ ဇရပ်တွေမှာရော တောတိုက်တွေထဲက သစ်ပင်ကြီးကြီးအောက်တွေမှာရော နေနေကြရတယ်။ ရှောင်နေရတာ ၉ ရက်ရှိပြီ ဖြစ်တာကြောင့် စားနပ်ရိက္ခာလည်း ပြတ်ကုန်ပြီ” ဟု ဒေသစစ်ရှောင်ကူညီရေး အဖွဲ့၀င်တစ်ဦးက ဆိုသည်။

 

ရေဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ လက်ခံရာ ဌာနအသီးသီးတို့မှာ စားနပ်ရိက္ခာများ ပြတ်တောက်နေပြီ ဖြစ်သောကြောင့် အ​ေခြခံစားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း၊ စစ်ရှောင်နေကြရသော သက်ကြီးရွယ်အိုများ ၊ ကလေးမိခင်များအတွက် အနွေးထည် ဆောင်များလည်း လိုအပ်လျှက်ရှိနေကြောင်း သိရသည်။

 

ထို့ပြင် ရေဦးတပ်ရင်းမှ ၁၂၀ မမလက်နက်ကြီးများ အသုံးပြုကာ စစ်ရှောင်များရှိသော ရေဦးအနောက်ခြမ်းရွာများဘက်သို့  ညစဥ်နီးပါး ပစ်ခတ်လျက်ရှိရာ ပြီးခဲ့သော နို၀င်ဘာလ ၁၄ ရက်နေ့တွင် ရေဦးအနောက်ခြမ်းရှိ ဝက်ဖိုးရွာတွင်းသို့ လက်နက်ကြီး တစ်လုံး ကျရောက်ခဲခြင်းကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – People’s Defense Comrade