ရေဦးမြို့ တွင် ပျူစောထီးစခန်းအား တော်လှန်ရေးမဟာမိတ်များမှ တိုက်ခိုက်ရာ တပ်သား(၇)ဦး ဖမ်းဆီးရမိ

Author လင်းနွေဦး
Categories
Published on Nov 26, 2023

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ နယ် ရှိ အောင်သာယာရွာရှိ ပျူစောထီး တပ်စခန်းအား နိုဝင်ဘာလ (၂၄) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်း မဟာမိတ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) ၏ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးမှ CJ Platform သို့ ပြောသည်။

 

တော်လှန်ရေးပူးပေါင်း မဟာမိတ်များမှ နိုဝင်ဘာ (၂၄)ရက် နံနက် (၄)နာရီခွဲ အချိန်တွင် ပျူစောထီး များ အခြေချနေထိုင်သော တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ တပ်သား (၂)ဦးနှင့် ပျူစောထီး (၅)ဦး စုစုပေါင်း (၇) ဦးအား လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီး ရမိသည့် တပ်သားများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ” သုံ့ပန်း ဆိုပေမဲ့ ကောင်းကောင်းမွန်မွန်ပဲ ထားပါတယ် ညှင်းပန်းနှိပ်စက် တာတွေ မလုပ်ပါဘူးဗျ  ပြီးရင် ဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ ပ.အ.ဖ လက်ထဲ အပ်မှာပါ “ဟု BNRA ၏ ပြန်ကြားရေးတာဝန်ခံ မှ CJ Platform သို့ပြောသည်။

 

ယင်းပျူစောထီးစခန်းအား ချေမှုန်းနိုင်ခဲ့ပြီး နောက်ဆုံးအထိုင် စာသင်ကျောင်းအား သိမ်းပိုက်စဉ် ရေဦးမြို့ပေါ်မှ စစ်ကူများ ရောက်ရှိလာခြင်း၊ နမခ မှ ​လေကြောင်းပစ်ကူ လာရောက်ပေးခြင်းတို့ကြောင့် လက်နက်များ သိမ်းဆည်းသည်အထိ မဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲ အတွင်း တော်လှန်ရေး မဟာမိတ်များဘက်မှ ရဲဘော် နှစ်ဦး ကျည်ရှပ်ထိ ဒဏ်ရာ ရရှိခဲ့ကာ တိုက်ခိုက်ရေးမစ်ရှင်အား ဗမာ အမျိုးသားတော်လှန်ရေး တပ်မတော် (BNRA)၊ PLA၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါ KBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA)၊ ရွှေဘိုဒူဝံ (PLA) ၊ GZ LPDF စသည့်တော်လှန်ရေး အင်အားစုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။