ရေဦးမြို့နယ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ၀င်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Author မင်းထက်
Categories
Published on Nov 23, 2023

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်း သို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က CJ Platform သို့ ပြောသည်။

 

နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် တန့်ဆည်မြို့နယ်ဘက်သို့ စစ်ကူရန် လာသော အင်အား ၁၅၀ ခန့်ရှိသော စစ်ကြောင်းသည် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ဖိန်းကားရွာ နှင့် ဗိုလ်ရုံရွာတို့တွင်  စစ်ကြောင်းထိုး ၀င်ရောက်လာပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

 

လက်ရှိချိန်တွင် ဖိန်းကား၊ ရွာသစ်၊ အုန်းနှဲပေါင်း၊ ဗိုလ်ရုံ၊ ပန်းကုံး၊ ဆပ်သေ၊ အင်တော ၊ ပုဏ္ဏကားနှင့် ဇီးကန် စသည် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

 

” ၁၀ရက်ကျော် ရေဦးအနောက်ဘက်ခြမ်း ရေဦး-ဒီပဲယင်းကားလမ်း မုတ်စီနဲ့ မူးဆုံတို့မှာအထိုင်ချတပ်စွဲခဲ့တဲ့ စစ်‌ေ-ွးတွေကိုလည်း မနက်ပိုင်းက ရေဦးကနေ ကားလေးစီးနဲ့ လာခေါ်သွားပြီး  အခုထွက်လာတဲ့ စစ်ကြောင်းနောက် ထပ်ဖြည့်ပေါင်းထားတယ်၊ မနေ့ညက ဖြစ်သွားတဲ့ တန့်ဆည်ကို စစ်ကူပေးဖို့ထွက်လာတယ်လို့ ခန့်မှန်းထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ပြောဆိုသည်။

 

ယင်း စစ်ကြောင်းသည် အခုညပိုင်းတွင် ဗိုလ်ရုံရွာနဲ့ ဖိန်းကားရွာအနီးဝန်းကျင်တွင် တပ်ဖြန့်ပြီး အထိုင်ချတပ်စွဲနိုင်ကြောင်း သိရသည်။

 

စစ်ကောင်စီက ၁၀ ရက်ကျော်ကြာ တပ်ဆွဲထားသော ရေဦးမြို့အနောက်ခြမ်းရှိ မုတ်စီရွာနှင့် မူးဆုံများတွင်မူ စစ်ကောင်စီတပ်သားများ ထွပ်ခွာသွားခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ပြီးစီးသောကြောင့် ပြည်သူများသည် မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက်လျက် ရှိနေကြောင်းလည်း သိရသည်။