ရေဦးဒေသခံ တစ်သောင်းကျော် နေအိမ်စွန့်ခွာတိမ်းရှောင်နေရ

Author မင်းထက်
Categories
Published on Oct 07, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိကျေးရွာများအတွင်းသို့ စစ်တပ်စစ်ကြောင်းထိုးလာခြင်းကြောင့်ယင်းဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်‌နေရကြောင်း ယင်းမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က CJ Platform သို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းမှစတင်၍ ရေဦးမြောက်ဘက်ခြမ်းရှိ ဖိန်းကားရွာဘက်သို့ ဦးတည်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့နံနက်တွင် ကန်ပေါက်ရွာမှတစ်ဆင့် ဇဝရွာနှင့် နှောကုန်းရွာသို့ ဆက်လက်၀င်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေကြရခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ရေဦးကနေ ဖိန်းကားရွာကို တိုက်ပွဲဖြစ်ထားတာမရှိဘဲ လက်နက်ကြီးပစ်ခတ်ဝင်လာတယ်။ ဒီနေ့မနက် ဖိန်းကားရွာဘက်ကနေ ရေဦးအနောက်ခြမ်း ဇဝရွာနဲ့ နှောကုန်းရွာကို ဝင်လာတယ်။ တပ်စွဲထားဆဲပဲ။ မိုးတွေက မနက်ကတည်းကရွာတော့ လမ်းတွေလည်းမကောင်းဘူး။ စစ်ရှောင်ပြည်သူတွေကတော့ လမ်းမကောင်းတဲ့ကြားကနေ ထွက်ပြေးနေကြရတယ်” ဟု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၆ ရက် နံနက်မှစ၍ ယနေ့နံနက်အထိ ရေဦးမြောက်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားများ၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ရွာသစ်၊ နဘောင်၊ ဖိန်းကား၊ အုန်းတပေါင်း ၊ ဗိုလ်ရုံ၊ ပန်းကုံး၊ ကန်ပေါက်၊ ဖလံဂုဏ်၊ ဇဝ၊ နှောကုန်း၊ ကုန်းကြီး၊ ကုန်းတန်း၊ တောင်ကုန်း၊ မြင်းပေါက်၊ ဝက်ဖိုး၊ ရွာမိဿာ စသည့်ကျေးရွာများမှ ပြည်သူများသည် မိုးထဲရေထဲ အရေးပေါ်ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းသိရသည်။

လက်ရှိချိန်တွင် စစ်တပ်စစ်ကြောင်းသည် ကန်ပေါက်ရွာကို ရောက်ရှိနေပြီး မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။