ရေလယ်ကျွန်းဒေသ ဇီးကုန်းကျွန်းကျေးရွာ၌ ၁၁နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်တပ်များက မီးရှို့

Author မောင်ဒဂုံ
Categories
Published on Sep 09, 2022

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဇီးကုန်းကျွန်းကျေးရွာ၌ အသက် ၁၁နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အရှင်လတ်လတ် မီးရှို့ပြီး သတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၈ရက်တွင် ဇီးကုန်းကျွန်းကျေးရွာ၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များက အသက် ၁၁နှစ်အရွယ် ဒေသခံ ကလေးငယ်ကို ထွက်ပြေးသဖြင့် မီးရှို့သတ်ခဲ့ခြင်း ဖြစ်ကြောင်း အစ်မဖြစ်သူက အတည်ပြု ပြောသည်။

” ကျွန်မမောင်လေးပါ။ ထွက်ပြေးလို့ သတ်တာတဲ့” ဟု သေဆုံးခဲ့သည့် ကလေးငယ်၏ အစ်မက ပြောသည်။

စစ်ကောင်စီ တပ်များသည် ပြီးခဲ့သည့် သြဂုတ်လက စတင်ပြီး ရေလယ်ကျွန်းဒေသ၌ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။

သြဂုတ်လလယ်က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသဖြင့် လှေခုတ်ကျေးရွာ၊ ငတရော်ကျေးရွာတို့၌ ပျက်ဆီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး ကျေးရွာနှစ်ခုပေါင်း အိမ်ခြေ ၇၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ပြီးခဲ့သည့် ရက်များကလည်း စစ်ကောင်စီတပ်များသည် ရေလယ်ကျွန်းဒေသရှိ နွယ်နီ၊ ကျောက်ဖူး၊ မိဖုရား၊ မီးလောင်ကျွန်း၊ စသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခင်လက မီးရှို့ဖျက်ဆီးခဲ့သည့် ငတရော်ကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာဆေးပေးခန်းနှင့် ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ရေလယ်ကျွန်းဒေသ၌ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေခဲ့သည်မှာ တစ်လခွဲကျော်လာပြီ ဖြစ်ပြီး ကျေးရွာများ၌ မနေရဲသဖြင့် ဒေသခံ ၃၀၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရလျက် ရှိသည်။