ရေမီတာခ သုံးဆပိုမို ကောက်ခံသော်လည်း ရန်ကုန်က မြို့နယ်အချို့တွင် စည်ပင်က ပေးဝေ‌သောရေများ မသန့်ရှင်းမှုများ ဖြစ်နေ

Author ကိုထက်
Categories
Published on Feb 22, 2024

ရန်ကုန်ရှိမြို့နယ်အချို့တွင် စည်ပင်မှ ပေးဝေနေသည့် သောက်သုံးရေများ ယခုရက်ပိုင်းများအတွင်း မသန့်ရှင်းမှုများ ဖြစ်နေကြောင်း အဆိုပါ မြို့နယ်နေ ပြည်သူများထံက သိရသည်။

 

လွန်ခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ရန်ကင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ စသည့် မြို့နယ်များတွင် စည်ပင်မှ ဖြန့်ဖြူးသောရေများမှာ မြောင်းပုတ်အနံ့ပင် ရနေကြောင်း ဆိုသည်။

 

“ရေကမြောင်းရေလိုပဲ အနံ့ကအစ။ ဖြစ်တာကြာပြီ၊ လွန်ခဲ့တဲ့တပတ်လောက်တည်းက။ သေချာ၃ခါလောက်စစ်ပြီး၊ သုံးနေရတယ်။ ရေမီတာကိုကျ ရေးချင်ရာရေးပြီး လာကောက်တာ၊ အရင်ထက် သုံးဆဖြစ်သွားတယ်။ ရေလာပေးတာကိုပဲ သူတို့ကို ကျေးဇူးတင်ရမလို ဖြစ်နေတာ၊ ကိုယ်အနီးအနားက ပိုက်တွေဘာတွေ ပေါက်နေတာမျိုးလည်း သေချာလိုက်စစ်တယ်။ အဲဒီလိုဖြစ်နေတာတွေ မရှိဘူး။”ဟု ရန်ကင်းမြို့နယ်၊ ၅ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင်လည်း ရေဖြန့်ဖြူးချိန် မမှန်ကန်ခြင်းနှင့် ရေလာသော်လည်း ရရှိသည့်ရေများမှာ မသန့်ရှင်းမှုများ ရှိနေကြောင်း မြို့နယ်နေပြည်သူများက ဆိုသည်။

 

“ရေလာချိန်က ကျွန်မတို့ပုံမှန်ဆို ညနေဘက်လောက်ဆို လာပြီ။ အခုဟာက ညပိုင်း သန်းခေါင်လောက်မှ လာတယ်။ တခါတလေ အဲဒီအချိန်တောင် လာတာက ပြတ်တောက်ပြတ်တောက်နဲ့။ ရေရပြီဆိုလည်း မသန့်တာတွေပေါ့ရှိတယ်။ ကျောက်ချဉ်တို့ဘာတို့စိမ်ပြီး သုံးနေရတယ်။ ရေမီတာခကတော့ ၃ဆဖြစ်သွားတယ်။”ဟု မြောက်ဥက္ကလာပမြို့နယ်က ပြည်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်စည်ပင်၏ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ကမူ ရေဖြန့်ဖြူးခြင်းလုပ်ငန်းများကို ပိုက်လိုင်းများ အပြစ်အနာအဆာ ရှိမရှိ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ဆိုသည်။

 

“ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက် စနစ်အတွင်းမှာကိုပဲ ရေဖိအားညီမျှ‌အောင် ရေသုံးစွဲသူတွေ ရေလုံလောက်စွာ ရောက်ရှိစေဖို့ကို သေချာကြပ်မတ် ဆောင်ရွက်ပါတယ်။ ပိုက်လိုင်းတွေ ပေါက်မပေါက်စစ်တာတွေ အပတ်စဉ်လုပ်တယ်။ ရေမီတာခကတော့ ၂၀၂၃လောက်တည်းက ကျွန်တော်တို့ ကြေညာပါတယ်။ သုံးဆတက်မယ်လို့။ အဲဒီအတိုင်းပဲ ကောက်ခံတာပါ။”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က တာဝန်ရှိသူက ပြောသည်။

 

ရန်ကုန်စည်ပင်က ရေမီတာခများကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ‌မှစတင်ပြီး၊ ယခင် စစ်အာဏာမသိမ်းမီကထက် သုံးဆအထိ တိုးမြှင့်ကောက်ခံနေခြင်း ဖြစ်သည်။

 

သို့သော်လည်း မြို့နယ်အချို့တွင် ရေလာရမည့်အချိန် မလာခြင်းများ၊ မသန့်ရှင်းသည့်ရေများ ရရှိနေခြင်းများကို မြို့ခံများ ခံစားနေရသည်။