ရေဘေးသင့်လှည်းကူးမြို့ခံအများအပြား အရေပြားရောဂါဖြစ်နေ

Author ကိုထက်
Categories
Published on Oct 16, 2023

ရေဘေးခံစားနေရသော ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ပြည်သူအများအပြား အရေပြားနှင့်သက်ဆိုင်သည့် ယားနာများခံစားနေရသည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။

မသန့်ရှင်းသောရေထဲဆင်းပြီး ဘေးလွတ်ရာတိမ်းရှောင်ကြရသည့်အတွက် ယားနာများပေါက်လာနေကြသကဲ့သို့ ဝမ်းရောဂါများလည်း ဖြစ်ပွားလာနိုင်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

“‌ရေကမကျတဲ့နေရာတွေက မကျသေးဘူး။ အခုကလေးတွေနဲ့ သက်ကြီးရွယ်အိုအရွယ်အတော်များများမှာ ယားနာပေါ့။ ဝဲစားတာလိုလို အဲဒီလိုတွေ အဖြစ်များလာကြတယ်။ ရေကြီးတာရဲ့နောက်ဆက်တွဲအနေနဲ့ပေါ့။ ကျွန်တော်တို့လူမှုကယ်ဆယ်ရေးအသင်းတွေမှာလည်း လှူထားလို့ရထားတဲ့ဆေးဝါးတချို့ရှိပေမယ့် ဖြစ်တဲ့သူကများတော့ ယားနာလိမ်းဆေးလိုမျိုး ဆေးဝါးတွေက လိုအပ်နေတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

လှည်းကူးအောက်ဘက်ကျေးရွာများဖြစ်သည့် တလုပ်ကုန်း၊ သာယာကုန်း၊ ကလီထော် အစရှိသည့် ကျေးရွာများမှာ ငမိုးရိပ်ရေပိုလွှဲရေလျှံခြင်းနှင့် မိုးသည်းထန်မှုများကြောင့် အောက်တိုဘာလ ၉ ရက်မှစပြီး ရေကြီးရေလျှံခြင်းများဖြစ်ခဲ့ခြင်းဖြစ်သည်။

“ရေကအရင်ကဒီလိုမကြီးဖူးဘူး။ အခု ရက်ကကြာနေပြီ။ ငမိုးရိပ်ဆည်က ရေလျှံတာလို့လည်းပြောတယ်။ ဒီကြားထဲမိုးကတော်တော်လေးကြီးခဲ့တော့ ရေကဒီနေ့ထိမကျတာ။ ‌ကျတဲ့ဘက်တွေတော့လည်း ကျနေပါပြီ။ ရေကတက်တော့ ချက်ပြုတ်စား‌သောက်ဖို့နဲ့ ရေအခက်အခဲတော့ရှိတာပေါ့” ဟု လှည်းကူးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လှည်းကူးမြို့ပေါ်ရပ်ကွက်များတွင် ရေကျသွားသော်လည်း အနိမ့်ပိုင်းကျေးရွာအများစုတွင် ရေဆက်တက်နေဆဲဖြစ်ကြောင်း သိရသည်။