ရေတပ် CDM စစ်သား ကိုဇော်ရဲချစ်နှင့်တွေ့ဆုံခြင်း

Author အဂ္ဂ
Categories
Published on Dec 14, 2023

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အာဏာရှင်ဆန်မှုကို မခံနိုင်တဲ့ စစ်သား၊ ရဲသား၊ အစိုးရ ဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM ပြုလုပ်‌တာ၊ လက်နက်စွဲကိုင် တော်လှန်တာမျိုးတွေ အသီးသီးလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီထဲက အာဏာသိမ်းပြီး လပိုင်းအကြာမှာပဲ CDM လုပ်ခဲ့သူ ရေတပ်စစ်သား ကိုဇော်ရဲချစ်နဲ့ CJ Platform တို့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

တွေ့ဆုံမေးမြန်းသူ – အဂ္ဂ

 

CJ – ဘာကြောင့် CDM လုပ်ဖြစ်ခဲ့တာလဲ။

 

ZYC – CDM လုပ်ရတဲ့ အကြောင်းရင်းကတော့ မတရားမှုကို မလိုလားဘူးပေါ့နော်။ ပြည်သူတွေကို အကြမ်းဖက်တယ်၊ နှိပ်စက်တယ်၊ သတ်ဖြတ်တယ်။ အဲဒါတွေကို မလိုလားလို့ CDM ဝင်ခဲ့တာပေါ့။ (၁.၅.၂၀၂၁) မှာ CDM စပြီးတော့ ဝင်ခဲ့တာပေါ့နော်။

 

CDM မဝင်ခင်မှာလည်း သပိတ်ဖြိုခွဲတာတွေကို ကျွန်တော်တို့ လိုက်ရတယ်။ သန်လျင်မီးပွိုင့်ထိပ်မှာပဲ သုံးရက်၊ လေးရက်လောက် ဆက်တိုက် သွားရတယ်။ အဲဒီလို ဆက်တိုက်သွားရတဲ့ ပထမနေ့မှာပဲ ကျွန်တော်တို့ ဘက်က C.O လို့လည်း ခေါ်တယ်။ ဗိုလ်မှူးလို့လည်းခေါ်တယ်ပေါ့နော်။ သူက နေပြီးတော့ ကျွန်တော်တို့ကို အမိန့်‌ပေးတာပေါ့  “ပြည်သူတွေက နေပြီးတော့ ကိုယ့်ကို ပစ်လာတဲ့အခါကျရင် ကျည်ထိုးပြီးသာပစ် ကျည်တွေထိုးထား” ဆိုပြီး၊ ကျွန်တော်က အဲဒီတုန်းက 94 ကိုင်ထားတာဗျာ၊ 94 ကိုင်နေတဲ့အချိန်မှာ ကျွန်တော်တို့ကို ကျည်ကတ် တစ်ကတ်အလွတ်ပေးထားတယ်။ ကျည်နှစ်ကတ် အစစ်တွေပေးထားတယ်။ ကျည်ထည့်ပြီးသားပေါ့နော်။ နှစ်ကတ် Magazine တွေ ပေးထားတယ်။ Magazine သုံးခုပေါ့နော်။ တစ်ခုက အလွတ်၊ နှစ်ခုက ကျည်တွေနဲ့‌ပေါ့နော်။  သူများတွေကတော့ ကျည်တွေထုတ်ပြီးလဲတာပေါ့။ အစစ်တွေထည့် မောင်းတွေတင် ပြီးကျရင် Safe ခလုတ်ကိုတော့ ပိတ်ထားတာပေါ့။ ကျွန်တော်ကျတော့  ကျည်ကတ်အစစ်ကိုမထည့်ထားဘူး။ ဒီတိုင်း အတု(အလွတ်)ကိုပဲထည့်ပြီးတော့ ရွှီရှောင်ပေါ့။ မောင်းတင်ပြီး ဒီတိုင်းပဲနေနေလိုက်တာ။ ကျည်ကပ် အလွတ်ဆိုတော့ မောင်းတင်လည်း ဘာမှပစ်လို့ရတာမဟုတ်ဘူးလေ။ အဲဒီလို အမိန့်ပေးတာမျိုးတွေရှိတယ်။ ကိုယ်လည်း လွန်ဆန်ခဲ့တာပေါ့။ C.O ကတော့ အဲဒါတွေ မသိလိုက်ပါဘူး။ သူကသာ အမိန့်ပေးတာ ကျွန်တော်တို့က လုပ်ချင်တိုင်းလုပ်တာပေါ့နော်။

 

သပိတ်ဖြိုခွင်းတုန်းက မှတ်မှတ်ရရ သန်လျင်မီးပွိုင့်ထိပ်မှာပေါ့။ ပြည်သူတွေနဲ့ ကျွန်တော်တို့ စစ်တပ် ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ ဖြိုခွင်းတာပေါ့။ ဖြိုခွင်းတုန်းကကျတော့ ကျွန်တော်တို့ ရှေ့မှာ ရဲရှိတယ်။ ရဲ နောက်မှာ ကျွန်တော်တို့စစ်တပ်ပေါ့။ အဲဒီတုန်းက အရမ်းဆိုးဆိုးရွားရွားကြီး မဖြစ်သေးဘူးဗျာ။ ပြည်သူတွေဘက်က ကြွေးကြော်တဲ့အသံတွေလောက်ပဲ ရှိသေးတာ။ ပစ်တာခတ်တာလည်း မရှိသေးဘူး။ လှမ်းပြီးဆဲတယ်။ အဲဒီလောက်ပဲ ရှိသေးတာ။ အဲဒီတုန်းက မှတ်မှတ်ရရပေါ့။ ကျွန်တော်က အသိဦးလေးတစ်ယောက်နဲ့ စကားပြောနေတာ။ သူကလည်း အရင်က ကျွန်‌တော်တို့ တပ်ထဲ ဝင်လိုက်၊ ထွက်လိုက်နဲ့ ပစ္စည်းတွေ ပို့နေကျ။ သူက ဆန္ဒပြတဲ့အဖွဲ့ထဲပါလာတာ။ သူနဲ့ ကျွန်တော်နဲ့ စကားပြောနေတုန်းမှာပဲ ပြည်သူတွေဘက်က လေးခွတွေနဲ့ပစ်တယ်။ မီးပုလင်းတွေနဲ့ပါ ပစ်တဲ့ချိန်မှာ  ရဲတွေကလည်း ပြန်ပြီးပစ်တာပေါ့။ အဲဒီချိန်မှာပဲ ကျွန်တော်နဲ့ အဲဒီဦးလေးကြား တော်တော်နီးနီးကပ်ကပ် ပါပဲ။ ဘယ်လောက်မှ သိပ်မကွာဘူး။ အဲဒီကြားထဲ အသံဗုံးပစ်ထည့်(ကျလာ)တယ်ပေ့ါ။ အဲဒီ အသံဗုံးကြောင့်ပဲ ကျွန်တော်လည်း နားစည်ကွဲသွားတယ်။ အဲဒီတုန်းကတည်းက နားစည်ကွဲတာက ခုချိန်ထိ မသက်သာသေးဘူးပေါ့။ ဆေးကုလိုက်၊ ပိုက်ဆံမရှိလို့ မကုလိုက်၊ ကုလိုက် မကုလိုက် ဆိုတော့ နားက သိပ်ပြီးမကြားရတော့ဘူး။ နည်းနည်းပါးပါးတော့သက်သာပါတယ်။ နားစည်က နှစ်ဖက်လုံးကွဲတာဆိုတော့ သိပ်တော့ မကြားရတော့ဘူး။

 

အဲဒီကိစ္စဖြစ်တာက ကျွန်တော် CDM မလုပ်ခင် နှစ်ပတ်၊ သုံးပတ်လောက်မှာဖြစ်တာ။ ဘာလို့လဲဆိုတော့ သန်လျင်မြို့ထဲက တပ်စွဲ စခန်းချတဲ့နေရာကို ကျွန်တော်က သုံးလပိုင်းကုန်လောက်မှ ရောက်တာဆိုတော့လေ။ အဲဒီ နားစည်ကွဲပြီးတော့  နှစ်ပတ်၊ သုံးပတ်လောက်အကြာမှာပဲ ကျွန်တော် CDM လုပ်လာခဲ့တာ။

 

CJ – CDM လုပ်မယ့်အချိန်မှာရော ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။

 

ZYC – CDM စလုပ်တုန်းက ဘယ်လိုအခက်အခဲတွေ ရှိလဲဆို‌တော့ ပြေးမယ့်အချိန်ပေါ့နော်  အခက်အခဲတွေ ရှိတယ်။ ဘယ်လိုမျိုးအခက်အခဲတွေ ရှိလဲဆိုတော့ တပ်စွဲထားတဲ့နေရာမှာ တာဝန်ကျတာဆိုတော့ တပ်စွဲထားတဲ့နေရာမှာကျတော့ တာဝန်ကျ ကင်းသားတွေ၊ တာဝန်ကျ အရာရှိတွေ အများကြီးရှိတယ်။ အများကြီးရှိတဲ့ကြားထဲကနေပြီးတော့ ကျွန်တော့်ကို တပ်စွဲထားတဲ့ နေရာက အစ်ကိုတစ်ယောက်က ကူညီပေးတော့ ကျွန်တော်ထွက်လာတာပေါ့။ ထွက်လာတဲ့ချိန်မှာလည်း လမ်းခရီးမှာ စစ်တယ် ဆေးတယ်။ စစ်တယ် ဆေးတယ်ဆိုပေမယ့် ငါးလပိုင်းလို ကာလမျိုးက သိပ်ပြီး စစ်တာဆေးတာမရှိသေးတော့ ပုံမှန်သွားလာနေကြတာပဲဆိုတော့ ဒီဘက်(ရန်ကုန်)ရောက်လာ တယ်ပေါ့။ ရောက်လာတော့လည်း မြောက်ဒဂုံ PDF ပဲဆိုပါတော့ သူတို့က ကျွန်တော်တို့ကို လိုအပ်တာ ကူညီပေးပါတယ်။ အဲဒီလိုတွေ ကြုံခဲ့ရပါတယ်။ နောက်ပိုင်း သွားစရာလာစရာမရှိလို့၊ မြောက်ဒဂုံ PDF တွေ ထားပေးတဲ့ နေရာကလည်း နောက်ပိုင်းမလုံခြုံတော့ လုံခြုံမယ်ထင်တဲ့နေရာတွေ ပတ်​နေခဲ့ရတာပေါ့။

 

အဲဒီလိုမျိုးနေလာရင်းနဲ့ပဲ ပြည်သူ့ပန်းတိုင် Page ကနေ တရားဝင် CDM လုပ်တဲ့ အကြောင်းကို တင်လိုက်တော့ ညတွင်းချင်းပဲ သူငယ်ချင်းတွေဆီဆက်သွယ်၊ မြဝတီက အစ်ကိုတွေဆီ ဆက်သွယ်ပြီး လုံခြုံတဲ့ တစ်နေရာ ထပ်ပြောင်းရတာပေ့ါ။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ စားဝတ်နေရေး‌ရော။ စားဝတ်နေရေးကလည်း ဘယ်သူမှ မထောက်ပံ့ဘူးလေ။ ကိုဗစ်ကာလည်းဖြစ်တော့ အကုန်လုံးကလည်း ကျပ်တည်းနေကြတာဆိုတော့ စားဝတ်နေရေးအရရော၊ လုံခြုံရေးပိုင်းကရော အကုန်လုံး အခက်အခဲကြားကနေပြီးတော့ပဲ လွတ်မြောက်အောင်ပြေးလာရတာပေါ့။

 

CJ  – CDM မလုပ်ကြသေးတဲ့ စစ်သားနဲ့ ရဲတွေကို‌ရော ဘယ်လိုစကားမျိုး ပြောချင်လဲ။

 

ZYC – အခုချိန်မှ CDM မလုပ်ကြသေးရင်တော့ သူတို့အတွက်ကတော့ ဘယ်လို‌‌ပြောရမလဲ။ သေဖို့ပဲ ရှိတယ်ပေါ့။ ဒီတစ်လမ်းပဲ ရှိတော့တယ်။ အခုချိန်မှ ထွက်လာတဲ့ သူတွေကိုလည်း ကျွန်တော်တို့ ဘက်ကနေပြီးတော့ ဒီဘက်ခြမ်းရောက်နေတဲ့သူတွေက အမြဲကြိုဆိုတယ်။ အခုချိန်မှ ထွက်လာတာ နောက်ကျတယ်။ ဒလန်ဘာညာဆိုပြီး စွပ်စွဲတာလည်း မရှိဘူး။ ကျောသားရင်သား မခွဲခြားဘဲ ကျွန်တော်တို့ ကူညီပေးတယ်။ အဲဒီလိုမျိုးဆိုတော့ ခုချိန်မှ ထွက်လာလည်း မီသေးတယ်။ ခုချိန်မှ မထွက်လာရင်တော့ သူတို့အတွက် သေဖို့လမ်းတစ်လမ်းပဲရှိတော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခုချိန်ကာလကလည်း စစ်ရေးကာလကလည်း မြင့်နေပြီ။ တပ်ထဲမှာလည်း တိုက်ပွဲတိုင်းမှာ ကျဆုံးနေပြီ။ ပြီးတော့ အင်အားကလည်းလျော့လာပြီ။ လျော့လာတော့ သေချာတာတစ်ခုက မဖြစ်မနေကတော့ ကြည်းတပ်ပဲဖြစ်ဖြစ်၊ လေတပ်ပဲဖြစ်ဖြစ်၊ ရေတပ်ပဲဖြစ်ဖြစ် ရှေ့တန်းက ကျိန်းသေပေါက်ပို့ခံရမှာဗျာ။ အဲဒီတော့ ရှေ့တန်းပဲ ရောက်ရောက်၊ ဘယ်ကို‌ပဲ‌ရောက်ရောက် အတတ်နိုင်ဆုံး ပြေးလာပေါ့နော်။ ကူညီပေးမယ့် အဖွဲ့တွေကလည်း ခုနောက်ပိုင်းဆို အများကြီးဖြစ်လာပြီ။ ရန်ကုန်ကနေ ပြေးမလား။ သူတာဝန်ကျရာ နယ်အသီးသီးကနေ ပြေးမလား။ အဲဒီပတ်ဝန်းကျင်မှာ ပြည်သူ့တပ်မတော်(PDF)တွေကလည်း ရှိနေတယ်။ အဲဒီတော့ နီးစပ်ရာ PDF တွေကို ဆက်သွယ်ပြီး ပြေးလာလို့ရတယ်။ ကူညီပေးမယ့် သူတွေက တပုံကြီးပါပဲ။

 

CJ – ကိုယ်တိုင်ကြုံခဲ့ရတဲ့ စစ်တပ်တွင်း အခြေအနေကိုလည်း သိသလောက် ရှင်းပြပါဦး။

 

ZYC – ကိုယ်တိုင်ကြုံခဲ့ရတဲ့ တပ်တွင်းအခြေအနေကတော့ အာဏာသိမ်းပြီးနဲ့ အာဏာမသိမ်းခင် အခြေအနေပေါ့နော်။ အာဏာမသိမ်းခင်ကတော့ ပုံမှန်အတိုင်းပဲ တပ်ထဲမှာ သူသူကိုယ်ကိုယ် အေးဆေးဖြတ်သန်းတယ်။ သင်တန်းတက်စရာရှိတာ တက်တယ်။ တာဝန်ထန်းဆောင်စရာရှိတာ ထမ်းဆောင်တယ်ပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စိတ်ဓာတ်တွေက အကုန်ကွဲပြား လာတာပေါ့။ တစ်ယောက် တစ်မျိုးစီပေါ့၊ တချို့တွေက ဒီ အာဏာရှင်ဘက်၊ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်တွေပေါ့နော်။ တချို့တွေက ကျတော့လည်း ပြည်သူတွေဘက်ကရပ်တည်တဲ့  သူတွေ အများကြီး ရှိပါတယ်။ တပ်ထဲမှာက။

 

တပ်ထဲမှာက ကျွန်တော်တို့ ရေတပ်ကတော့ ကြည်းတပ်မှာလောက်တော့ မဆိုးဘူး။ ကျွန်တော်တို့လည်း ကြည်းတပ်မှာက အခြေခံစစ်သင်တန်းတွေ တက်ခဲ့တာဆိုတော့၊ ကြည်းတပ်မှာ ကျတော့ အထက်အောက် အရာရှိတွေ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်။ လစာတွေ ဖြတ်တယ်။ ပြီးကျတော့ ဆယ်တန်းအောင်ပြီးသား ပညာတတ်ပြီးသားလူငယ်တွေဆို အခွင့်အရေးတွေပိတ်တယ်။ ဥပမာ နည်းပညာတက္ကသိုလ် တက်ခွင့်တွေပိတ်တယ်။ အဲဒီလိုမျိုးတွေကြောင့် တချို့လူငယ်တွေကြတော့ တပ်ထဲဝင်ပြီး ပြေးချင်စိတ်တွေ ပေါက်တယ်ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပြေးချင်ခဲ့တာပါပဲ။ အစောကြီးကတည်းက အာဏာမသိမ်းခင်ကတည်းက ဒီလိုမျိုးတွေ ဖိနှိပ်ခံရတော့၊ အထက်အောက် အရာရှိလိုမျိုး ဆက်ဆံကြတယ်ဗျာ။ အပွင့်တွေမှ မဟုတ်ဘူး။ ကိုယ့်ထက် ရာထူးတစ်ရစ်ကြီးတဲ့ ဒုတပ်ကြပ်တို့၊ တပ်ကြပ်တို့ကတောင် တပ်သားတွေကို နှိမ်တဲ့ အခန်းကဏ္ဍတွေပေါ့။ ကောင်းတဲ့သူတွေလည်းရှိသလို ဆိုးသူတွေလည်းရှိတာပေါ့။ ကျွန်တော်တို့ကတော့ ဆိုးတဲ့သူရော၊ ကောင်းတဲ့သူနဲ့ပါ တွေ့လာရတာ။ အဲဒီလိုကိစ္စရပ်တွေကြောင့် အစောကြီးကတည်းက ပြေးချင်ခဲ့တာ။ အာဏာသိမ်းလိုက်တော့ ကျွန်တော်တို့လို ပြေးချင်တဲ့သူတွေအတွက် ပိုပြီး အခွင့်အရေးကောင်းသွားတာပေါ့။ ဘာမှ တုံ့ဆိုင်းမနေဘဲ အချိန်အလစ်အငိုက်ကို စောင့်ပြီး ပြေးလာတာပေါ့‌နော်။

 

အာဏာသိမ်းမှု မဖြစ်ခင် ၂၀၂၀ ရွေးကောက်ပွဲကာလတွေတုန်းကလည်း တပ်ထဲမှာ မဲဆွယ်တာပေါ့။ ကိုယ်တွေက စစ်သားဖြစ်တဲ့အတွက် စစ်တပ်ကို ကျိန်းသေပေါက်ထောက်ခံရမယ်။ အဲဒီလိုမျိုးတွေ မှိုင်းတိုက်တာတွေ သိမ်းသွင်းတာတွေ ခံခဲ့ရသေးတယ်။ ကျွန်တော်တို့ကတော့ လူငယ်လည်းဖြစ်တော့ ကိုယ်ကြိုက်ရာမဲထည့်တယ်။ ကိုယ်ယုံကြည်တဲ့ပါတီ၊ ကိုယ်ချစ်တဲ့ပါတီကို မဲထည့်တယ်။ လွတ်လပ်ပိုင်ခွင့်ကို မဲထည့်တယ်ပေါ့နော်။

 

တပ်တွင်းထဲမှာတော့ အဲဒီလိုအခြေအနေမျိုး ကြုံခဲ့ရတယ်ပေါ့နော်။ ဒီထက်ဆိုးရွားတဲ့ အခြေအနေမျိုးတော့ မကြုံခဲ့ရဘူး။ တပ်တွင်းထဲမှာကတော့ အထက်အောက်ဖိနှိပ်တယ်။ စားတာသောက်တာကအစ အရာရှိနဲ့ တပ်သားနဲ့ဆို တော်တော်လေးကွာတယ်။ ဆန်ကအစပေါ့။ ကျွန်တော်တို့ဆို ဆန်ကြမ်း စားရတယ်။ ဆန်ကြမ်းစားရလို့ အဲဒီလိုပြောတာမဟုတ်ပါဘူး။ သန့်သန့်ရှင်းရှင်းထားပေးထားရင် တစ်မျိုးပေါ့။ အဲဒီလိုမျိုး မဟုတ်ဘူး။ စားရိပ်သာမှာဆို ဟင်းတွေ၊ ထမင်းတွေကို ဒီတိုင်းပစ်ထားတာ။ ယင်ကောင်တွေကလည်း အုံလို့၊ ပြီးကျရင် ဝမ်းပျက်ဝမ်းလျောဖြစ်၊ တပ်ဆေးခန်းသွားရင်လည်း ဘာပေးလဲဆိုတော့ ခဏတာသက်သာစေမယ့် ပေးနေကျဆေးတွေလောက်ပဲ ပေးတယ်။ အဲဒီလိုမျိုးတွေ ပေါ့လေ။ အသေးစိတ်က အစ ကျွန်တော်တို့က အဲဒီလိုမျိုးတွေ ကြုံလာရတော့ အစကတည်းက ထွက်ပြေးချင်စိတ်ရှိပြီးသားပေါ့။ ဒီလိုကာလကျတော့ ပိုပြီး အခွင့်အရေးရတာပေ့ါ။ အခွင့်အရေးရတာနဲ့ ပြေးလာတာပါပဲ။

 

CJ – တခြားဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

 

ZYC – ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး။ CDM မလုပ်သေးတဲ့သူတွေ CDM ဝင်လာပေါ့။ ခုချိန် ဝင်လည်း လူတိုင်းက ကြိုဆိုတယ်။ ပြည်သူတွေကလည်း ကြိုဆိုတယ်။ ပြည်သူ့တပ်မတော်သား အဖွဲ့တွေ၊ KNU၊ KNDF အများကြီးပါပဲ။ အဲဒီလို အဖွဲ့အစည်းတွေကလည်း အကုန်ကြိုဆိုပြီးတော့ ကူညီနေတာပေါ့နော်။ ခုချိန်မှ မထွက်လာရင် နောက်ပိုင်း ကိုယ့်သေတွင်းကိုယ်တူးတဲ့ ပုံစံမျိုးပဲ ဖြစ်တော့မှာပေါ့နော်။ ခုကလည်း စစ်ရေးအရှိန်ကလည်း မြင့်နေတော့ ကျိန်းသေပေါက် ကျွန်တော်တို့ တိုက်ပွဲကြီးက‌ အောင်ကိုအောင်မှာ‌‌ဗျာ။ အောင်မယ်ဆိုတဲ့ ခံယူချက်နဲ့ပဲ ဆက်သွားနေတာ။ အဖက်ဖက်က ပါဝင်နေကြတာ၊ ကျွန်တော်တို့ဆိုရင်လည်း လှူသင့်တဲ့နေရာလှူပြီး တတ်နိုင်တဲ့ဘက်က ပါဝင်တယ်။ တောထဲကသူတွေဆိုရင်လည်း သူတို့တိုက်တယ်။ လေလှိုင်းပေါ်က လူတွေဆိုရင်လည်း စကားဝိုင်းလေးတွေနဲ့ မိုတီဗေးရှင်းတွေ ပေးတယ်။ တပ်ထဲက CDM မလုပ်သေးတဲ့ သူတွေကို ဖိတ်ခေါ်တယ်ပေါ့။ အဲဒီလိုမျိုးလေးတွေ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်နေကြတာပေါ့နော်။ ပါဝင်နေကြတော့ တိုက်ပွဲကြီးကတော့ အချိန်ကာလတစ်ခုပဲ လိုတော့တာပေါ့နော်။ အောင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်နေပါတယ်လို့ပဲ ပြောချင်ပါတယ်။