ရေဇွာမြို့ရှိ စစ်ကောင်စီစခန်းကို ချင်းတပ်ပေါင်းစု သိမ်းပိုက်လိုက်ပြီးနောက် မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီဟုဆို

Author လင်းနွေဦး
Categories
Published on Nov 29, 2023

ချင်းပြည်နယ်အတွင်း နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်၍ ချင်းကာကွယ်ရေးတပ်ပေါင်းစုများက “ZZLMS Operation”အမည်ဖြင့် မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေရာ ယနေ့ နံနက်ပိုင်းတွင် မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များက အတည်ပြုလိုက်သည်။

 

ချင်းအမျိုးသားတပ်မတော်(CAN)နှင့် CDFs ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် “ZZLMS Operation” အစိတ်အပိုင်းအဖြစ် ရေဇွာမြို့တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း CDF-Zotung က အတည်ပြုပြောဆိုသည်။

 

“ကျွန်တော်တို့ဒီမနက်ကပဲ သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ နိုဝင်ဘာလ(၂၆)ရက်နေ့က ZZLMS Operation လို့ အမည်ပေးပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ အပျက်အစီးတွေကိုတော့ အတည်မပြုနိုင်သေးဘူး ” ဟု ချင်းပြည်နယ်အခြေစိုက် CDF-Zotung တာဝန်ရှိသူတစ်ဦးက Matupi Times သို့ အတည်ပြုပြောကြားခဲ့သည်။

 

ထိုစစ်ကောင်စီစခန်းကို နိုဝင်ဘာလ(၂၆)ရက်နေ့မှစတင်၍ CNA နှင့်အတူ ဒေသကာကွယ်ရေးတပ်များဖြစ်သည့် CDF-Zotung၊ CDF-Matupi B2၊ CDF-Mara၊ CDF-Lautu၊ CDF-Zophei၊ CDF-Senthang၊ CDF-Thantlang၊ CDF Hualngoram တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး (၃)ရက်အကြာ ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်(၁၀)နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

နှစ်ဘက်ထိခိုက်သေဆုံးမှုများနှင့် နောက်ဆက်တွဲသိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကိုမူ မကြာမီ အချိန်တွင်း ထုတ်ပြန်မည့်အကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက် နံနက်(၃)နာရီက စစ်ကောင်စီ၏ ခလရ-၃၀၄ တပ်စခန်းကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လိုင်လဲလန်းပီမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်မှစတင်၍ ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

 

ယခုအခါ ချင်းကာကွယ်ရေးတပ်ပေါင်းအနေဖြင့် ရိဒ်ခေါဒါရ်၊ လိုင်လဲန်းပီနှင့် ရေဇွာမြို့တို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။