ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီ နေရာလေးခုကို တပြိုင်တည်း ဝင်တိုက်၊ စစ်သား ၇ ဦးသေဆုံး ၊ လက်နက်တက်ကောက်စဉ် ဘုန်းကြီးယောင်ဆောင်သည့် စစ်ကောင်စီတပ်သားများပစ်၍ ရဲဘော်သုံးဦး ဒဏ်ရာရ

Author မင်းထက်
Categories
Published on Mar 25, 2024

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားသော နေရာလေးခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက CJ Platform သို့ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀ ခန့်တွင် ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ(အထွေထွေ အုပ်ချုပ်ရေးမှူးရုံး)၊ ကပ်ကျော်(ဘုန်းကြီးကျောင်း)၊ ငြိမ်းဇာနည် တပ်စခန်း(စစ်မှုထမ်း ဟောင်းရုံး)နှင့် စစ်သားများ တပ်စွဲထားသော ဆေးရုံတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းတိုက်ခိုက်မှုများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ အဓိကပစ်မှတ်ထား တိုက်ခိုက်သည့် ကပ်ကျော် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နေရာနှစ်ခုကို အပြီးသတ် ဖြိုချသိမ်းပိုက်နိုင်ခဲ့ရာတွင် စစ်ကောင်စီ တပ်သား ၇ ဦး မျက်မြင်သေဆုံးကာ ၈ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

သေဆုံးသွားသော စစ်ကောင်စီ တပ်သားများထံမှ လက်နက်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း ဘုန်းကြီးကျောင်းအတွင်း သင်္ကန်းများခြုံပြီး ဘုန်းကြီးအသွင်ယူထားသော စစ်သား ၃ ဦးခန့်က ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

 

“ဘုန်းကြီးကျောင်းက ဒီကောင်တွေနေရာ နှစ်ခုကို ဖြိုဖျက်နိုင်ခဲ့ပါတယ်။ အဓိကဝေဟင်ရော မြေပြင်လက်နက်ကြီးနဲ့ပါ ဖြိုဖျက်ခဲ့တာပါ။ စခန်းတွေ ဖြိုဖျက်ပြီး ကျောင်းထဲနေတဲ့ သုံးလေးငါးယောက်လောက်ကနေပြီးတော့ သူတို့က ကတုံးတွေတုံးထားကြပါတယ်။ ယူနီဖောင်းပေါ်ကနေ သင်္ဃန်းတွေခြုံပြီး လက်နက်တွေ ဖွက်ထားခဲ့တာ။ ကျွန်တော်တို့ကလည်း ဘုန်းကြီးထင်ပြီး အေးအေးဆေးဆေးလက်နက်တက်ကောက်တဲ့ချိန်မှာ သေနတ်တွေထုတ်ပြီး အနီးကပ်ဆွဲပစ်တာပါ။ ပစ်ခတ်တဲ့ စကစတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ယင်းတိုက်ခိုက်မှုကို Myingyan Black Tiger-MBT တပ်ဖွဲ့၊ Popa Guerilla Force-PPGF ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကျောက်ပန်းတောင်း)၊ ညောင်ဦးခရိုင် တပ်ရင်း ၁ ဒရုန်းတပ်ဖွဲ့၊ AMA People Defense Force ၊ ဒေါင်းစစ်သည် မြောင် ပြောက်ကျားတပ်ဖွဲ့၊ YSO TPG ပြောက်ကျားတပ်ဖွဲ့၊ Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ – Team-2 နှင့် သွေးသောက်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။