ရေစကြိုတွင် စစ်ကောင်စီတပ်အချင်းချင်း ဗုံးမှားကြဲမိ

Author ခေတ်နီ
Categories
Published on Nov 13, 2022

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူမှ အချင်းချင်းမှားယွင်း ဗုံးကြဲမိတာကြောင့်စစ်သား ၅၀ ခန့် သေဆုံးနိုင်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့CDSOMမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုနွေဦးမှ CJ Platform ကိုပြောသည်။

ရေစကြိုမြို့နယ်အတွင်းမှာ ယနေ့မနက် အစောပိုင်း၆ နာရီခန့်မှာ ရွှေလှံရွာကိုမီးရှို့ပြီးထွက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲအတွင်း မုံရွာ နမခ မှ တက်လာသည့် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူမှ အရပ်ဝတ်ဝတ်ဆင်ထားသော ၎င်းတို့တပ်ဖွဲ့အပေါ် MiG 35လေယာဥ်ဖြင့် ဗုံးအလုံးရေ ၂၅လုံးခန့် မှားယွင်းကြဲချမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်သည်။

ထိုသို့ မှားယွင်းကြဲချမှုသည် ဒေသကာကွယ်ရေးတပ်များ တပ်ပြန်ဆုတ်ချိန်တွင် ဖြစ်ပွားခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်များ ထိခိုက်မှုမရှိခဲ့ပဲ စစ်ကောင်စီတပ်မှ အင်အား ၅၀ ခန့်ထိ သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများလဲ များပြားနိုင်ကြောင်း သိရသည်။

“ဟုတ်တယ်ဗျ သူတို့က ကျနော်တို့ပြန်အဆုတ်ကို ကြဲတာ သူ့လူတွေက အရပ်ဝတ်နဲ့ဆိုတော့ PDFနဲ့မှားကြဲတာပေါ့ အသေအပျောက်များတော့ ရေစကြိုဖက်က သံခွန်တွေနဲ့ ဆင်းလာပြီး အလောင်းနဲ့ ဒဏ်ရာသမားတွေကို လာသယ်ကြရတယ် မနက်က တိုက်ပွဲမှာလဲ သူတို့ဖက်ကအကျရှိတယ် အဲ့ဒါမို့ လေယာဥ်လှမ်းခေါ်တာလေ”ဟု ကိုနွေဦး မှ CJ Platform ကိုပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးစထိမှန်ပြီး မြောင်နယ် ငါးရံ့အူရွာမှ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်မှ လေယောဥ်ဖြင့် မှားယွင်းကြဲချမှုကြောင့် စစ်ကောင်စီတပ်သားများ အချင်းချင်းဆဲဆိုမှုများ နှင့် မုံရွာ နမခ ကို ပြန်လည်တိုက်မည်ဟု ​ပြောဆိုမှုများလည်း ရှိခဲ့ကြောင်း ဒေသခံတချို့ထံမှ သိရသည်။