ရေကြည်မြို့နယ်တွင် CDM ကျောင်းဆရာတစ်ဦးနှင့် ရပ်ကျေး NLDရုံး ဖွင့်လှစ်ထားသူတစ်ဦးအပါအဝင် (၅) ဦးအား စစ်ကောင်စီမှ အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ် (၄) နှစ်ချမှတ်

Author စကားဝါ
Categories
Published on Jan 21, 2024

ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် CDM ကျောင်းဆရာတစ်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ရပ်ကွက်အဆင့် ပါတီရုံးခွဲ ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးအပါအဝင် ပြည်သူ (၅) ဦးအား စစ်ကောင်စီမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် (၄)နှစ် ချမှတ်ခဲ့ပြီး နေအိမ်များကိုပါ ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ရေကြည်မြို့နေ CDM ကျောင်းဆရာတစ်ဦးဖြစ်သူ  ဦးနေလင်းထွန်း၊ ဦးဇေထက်ပိုင်(ခ) ပိုင်လေး၊ ဦးကျော်လင်းစိုး (ခ) ကျော်လင်း၊ ဦးထွန်းဝင်း၊ ဝါးရုံလဟာကျေးရွာနေ ဦးစိုးမင်းထွန်းတို့ကို စစ်ကောင်စီ လက်အောက်ခံ ကျုံပျော်ခရိုင် တရားရုံးမှ ဇန်နဝါရီ ၁၉ရက်နေ့တွင် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“သူတို့ကို ဖမ်းထားတာ လေးလလောက်ရှိပြီ၊ ရေကြည်မြို့နယ်ထဲမှာ ဆက်တိုက်ဆိုသလို ပြည်သူတွေကို မတရားဖမ်းဆီးပြီး ထောင်ချနေတာတွေရှိတယ်၊ အဓိက NLD ပါတီနဲ့ ပတ်သက်သူတွေ CDM တွေကို တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်တယ်ဆိုပြီးတော့ လုပ်နေတာ”ဟု ရေကြည်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အထိနာနေသော်လည်း ၎င်းတို့ နယ်မြေစိုးမိုးထားနိုင်သည့် ဒေသများတွင် ပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေညှစ်ခြင်း၊ ထောင်ဒဏ်များ ချမှတ်ခြင်းအား ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခဲ့သည်။